ဘန်လေအသင်းပိုင်ရှင်က ကာကွယ်ဆေးမထိုးတဲ့ ကစားသမားတွေကို ဝေဖန်ခဲ့တာပါ။

ဘန်လေအသင်းပိုင်ရှင် အယ်လန်ပေ့စ်က ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်နေတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေအနေနဲ့ ဘောလုံးမကန်ဘဲ အခြားအလုပ်ပြောင်းလုပ်ကြဖို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။ မနေ့ညက အက်စတွန်ဗီလာနဲ့ဘန်လေတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ကို ဖျက်သိမ်းလိုက်ရပြီးနောက် အယ်လန်ပေ့စ်တယောက် အခုလိုပဲ ပေါက်ကွဲခဲ့တာပါ။



ပွဲစဖို့ တနာရီခွဲအလိုမှ အက်စတွန်ဗီလာဘက်မှာ ကိုဗစ်ကူးစက်မှု များပြားနေတာကို သိရှိခဲ့ရပြီး အခုလိုပဲ ပွဲကို ဖျက်သိမ်းခဲ့ရတာပါ။ ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဥ်အများစုကို ဖျက်သိမ်းခဲ့ရပြီး စနေညမှာလည်း လိဒ်စ်နဲ့အာဆင်နယ်တို့ တပွဲသာ ကစားခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ ကြယ်ပွင့်ကစားသမားတွေက ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အထူးသဖြင့် ယူနိုက်တက်ကစားသမားအများစုက ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ထားကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်ကလည်း ကာကွယ်ဆေးမထိုးတဲ့ ကစားသမားတွေကို ပြစ်တင်ဝေဖန်နေပြီး သူ့အသင်းအတွက် ကစားသမားခေါ်ယူတဲ့အခါမှာ ကာကွယ်ဆေးထိုးပြီးတဲ့ ကစားသမားကိုပဲ ခေါ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဘန်လေအသင်းပိုင်ရှင် အယ်လန်ပေ့စ်ကလည်း “ကာကွယ်ဆေးမထိုးတဲ့ ကိန်းဂဏန်းအရေအတွက်ကိုကြားရတာ စိုးရိမ်စရာပါ”

“ဒါပေမယ့် ဒီအရာက လူတယောက်ချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပါ။ ကျနော်တို့ အတင်းတိုက်တွန်းနေလို့မရပါဘူး။ ဒါပေမယ့် ခင်ဗျားက ကာကွယ်ဆေးမထိုးထားဘူးဆိုရင် ကျန်တဲ့လူတိုင်းကို အန္တရာယ်ဆီ တွန်းပို့နေတာပါ”

“တကယ်လို့ ပရီးမီးယားလိဂ်က ကစားသမားတွေအနေနဲ့ ကာကွယ်ဆေးမထိုးဖို့ ရွေးချယ်တယ်ဆိုရင် သူတို့ အခြားအလုပ်တခုခုကိုသာ ပြောင်းလုပ်သင့်ပါတယ်။ သူများနဲ့ မတူတဲ့ အရာတခုခုကို ရွေးချယ်တိုင်း တူညီတဲ့အခွင့်အရေးနဲ့ မှန်ကန်မှုကို ရမယ်ဆိုတာမျိုးမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ရွှေ့ဆိုင်းဖို့ အသင်းတွေက တောင်းဆိုနေပြီး ပရီးမီးယားလိဂ်ဘက်ကတော့ ပွဲစဥ်တွေကို တတ်နိုင်သမျှ ဘေးကင်းအောင် ပြင်ဆင်ပြီး ကစားဖို့ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က