မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေကို ဩဂုတ်လမှာ ပြန်ဖွင့်ရန် စီစဥ်ထားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ကာကွယ်ဆေး မရမချင်း စာသင်ကျောင်းတွေ ပြန်ဖွင့်ခွင့်ပြုမှာ မဟုတ်ကြောင်း သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။

(Photo: Reuters)

နိုင်ငံအချို့က စာသင်ကျောင်းများ ပြန်ဖွင့်နေပြီဖြစ်ပေမဲ့ ဖိလစ်ပိုင်ကျောင်းတွေကို ကာကွယ်ဆေးရရှိချိန်အထိ ပိတ်ထားမယ်လို့ ဒူတောတေးက ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လအတွင်းမှစပြီး စုစုပေါင်း ကျောင်းသူ/သား ၂၅ သန်း တက်ရောက်နေကြတဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေကို ပိတ်ခဲ့ပြီး လာမယ့် ဩဂုတ်လမှာ ပြန်ဖွင့်ရန် စီစဥ်ထားခဲ့ပါတယ်။



သို့သော် တနင်္လာနေ့ (မေ ၂၅ ရက်) နှောင်းပိုင်းမှာ သမ္မတဒူတာတေးက မိန့်ခွန်းပြောကြားခဲ့ရာမှာတော့ ပညာတတ်မြောက်မှုကို အဓိကထားပေမဲ့ ကျောင်းသူ/ကျောင်းသားများ ကျောင်းပြန်တက်ရန် အလွန်အန္တရာယ်ကြီးတယ်လို့ ဒူတာတေးက ဆိုပါတယ်။ "သူတို့တွေ အမှန်တစ်ကယ် အန္တရာယ်ကင်းပြီလို့ မသေချာသေးဘူးဆိုရင် ကျောင်းပြန်ဖွင့်တဲ့အကြောင်း‌ ပြောနေလို့ အလကားပဲ၊ ကျွန်တော့်အတွက်ကတော့ ကာကွယ်ဆေးက ပထမပဲ၊ ဖိလစ်ပိုင်မှာ ကာကွယ်ဆေးရပြီဆိုရင် အဆင်ပြေပြီလေ၊ ဘယ်သူမှ ဘွဲ့မရလည်း ရှိပါစေတော့ဗျာ" လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောခဲ့ပါတယ်။

(Photo: AFP)

COVID-19 အတွက် ကာကွယ်ဆေးတစ်ခု ထုတ်လုပ်နိုင်ရေး ကမ္ဘာတစ်ဝှမ်းမှာ သုတေသီတွေက မကြုံစဖူး အားထုတ်ကြိုးပမ်းနေကြပေမဲ့ မည်သည့်အချိန်မှာ အတည်ပြုထားတဲ့ ကာကွယ်ဆေး ထွက်ပေါ်လာနိုင်မှုနဲ့ ပမာဏများများရရှိနိုင်မှုကို အတိအကျ မသိရသေးပါဘူး။ ဖိလစ်ပိုင်မှာ အစိုးရ စာသင်ကျောင်းတွေကို ပုံမှန်အားဖြင့် ဇွန်လမှ ဧပြီလအထိ စာသင်နှစ် တစ်နှစ်အဖြစ် သတ်မှတ်သင်ကြားလေ့ရှိပါတယ်။

သို့သော် COVID-19 ကူးစက်မှုတွေ မြင့်တက်နေပြီး ထိန်းချုပ်ကာကွယ်ရန် နိုင်ငံရဲ့ နေရာအများစုကို lockdown လုပ်ထားခဲ့ရာ ကျောင်းဖွင့်ချိန် နောက်ဆုတ်သတ်မှတ်ခဲ့ရပါတယ်။ ကျောင်းတွေမှာ လူစုလူဝေး မဖြစ်စေရန် ပညာရေးဝန်ကြီးဌာနက အွန်လိုင်းစာသင်ခန်း အပါအဝင် ခပ်ခွာခွာနေပြီး ပညာသင်ကြားရေး အစီအမံတွေကို ကြေညာထားပြီး လာမယ့် စာသင်နှစ်မှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

(Photo: Ezar Acayan/Getty Images)

ဖိလစ်ပိုင်မှာ လူဦးရေ သန်းနဲ့ချီပြီး ဆင်းရဲမွဲတေမှု အခြေအနေမှာ နေထိုင်နေကြရပြီး ၎င်းတို့ရဲ့ နေအိမ်တွေမှာ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားရန် အဓိကဖြစ်တဲ့ ကွန်ပျူတာတွေ မရှိနိုင်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် ကလေးများ နေအိမ်မှာပင် လနဲ့ချီ နေခဲ့ကြရပါတယ်။ သို့သော် တောင်ကိုရီးယားနဲ့ ပြင်သစ် အပါအဝင် နိုင်ငံတွေမှာတော့ ကျောင်းများပြန်ဖွင့်ထားပြီလို့ သိရပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအနက် လူဦးရေ သန်း ၁၀၀ ကျော်ရှိတဲ့ ဖိလစ်ပိုင်ဟာ COVID-19 ကူးစက်မှု တတိယ အများဆုံးနဲ့ သေဆုံးမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ယနေ့ (မေ ၂၇ ရက်) အထိ ဖိလစ်ပိုင်မှာ COVID-19 ကူးစက်ခံရသူ ၁၄,၆၆၉ ဦး၊ သေဆုံးသူ ၈၈၆ ဦးနဲ့ ပြန်လည်သက်သာသူ ၃,၄၁၂ ဦးရှိခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုအများဆုံး နိုင်ငံက စင်ကာပူဖြစ်ပြီး သေဆုံးမှုအများဆုံးကတော့ အင်ဒိုနီးရှားဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က