လိပ်တွေသယ်လာတဲ့ အိန္ဒိယအမျိုးသားနှစ်ဦးကို ဖမ်းဆီးထားပါတယ်။

မလေးရှားအာဏာပိုင်တွေက ကွာလာလမ်ပူလေဆိပ်မှာ တရားမဝင် သယ်ဆောင်လာတဲ့ ရေချိုလိပ်ကောင်ရေ ၅,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

(Photo: APTN)

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် အမှတ် (၂) (Kuala Lumpur International Airport 2 - KLIA2) မှာ အိန္ဒိယအမျိုးသားနှစ်ဦးရဲ့ ခရီးဆောင်အိတ်အတွင်းမှာ လိပ်ကောင်ရေ ၅,၂၅၅ ကောာင်ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထားကြောင်း မလေးရှားအကောက်ခွန်ဌာန (Royal Malaysian Customs Department) က ယနေ့ (ဇွန် ၂၆ ရက်) ပြောပါတယ်။ လိပ်တွေအနက် အချို့ဟာ လမ်းခရီးမှာ သေဆုံးခဲ့ပေမဲ့ အများအပြား အသက်ရှင်ကြတယ်လို့ဆိုပါတယ်။

(Photo: APTN)

လိပ်တွေနဲ့အတူ ဖမ်းဆီးခဲ့တဲ့ သံသယရှိသူ နှစ်ဦးဟာ အသက် ၃၀ နဲ့ ၄၂ နှစ်အရွယ်တွေဖြစ်ပြီး ၎င်းတို့က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇွန် ၂၀ ရက်) မှာ ကွာလာလမ်ပူလေဆိပ်ကို ရောက်ရှိလာခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ လိပ်တွေကို အိန္ဒိယမှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် ရောင်းချရန်ဖြစ်ကြောင်းနဲ့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၂,၇၀၀ (မြန်မာငွေ သိန်း ၁၉၀ ကျော်) ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: APTN)

"အခုနှစ်ထဲမှာ ပထမဆုံးအကြိမ် ဒီလို သိမ်းဆည်းရမိတာက ပထမဆုံးအကြိမ်ပါ၊ အရင်ဖြစ်စဉ်တွေမှာနဲ့ အကောင်ရေ တူညီသလား ဒါမှမဟုတ် ပိုများသလား မပြောနိုင်ပါဘူး၊ ဒါပေမဲ့ ခရီးဆောင်အိတ်နှစ်လုံး တစ်ချိန်တည်းတွေ့ရတဲ့ လိပ်ကောင်ရေက အတော်လေးများပါတယ်" လို့ အကောက်ခွန်ဌာနမှ အကြီးအကဲတစ်ဦးဖြစ်သူ Zulkurnain Mohamed Yusuf က ဆိုပါတယ်။

မလေးရှားဟာ အခြား အာရှနိုင်ငံများသို့ တောရိုင်းတိရိစ္ဆာန် ကုန်သွယ်မှုအတွက် အဓိက ဖြတ်သန်းရာနေရာတစ်ခုလည်း ဖြစ်နေပါတယ်။ ယခု သိမ်းဆည်းရမိတဲ့ Red-eared slider လိပ်မျိုးနွယ်တွေဟာ အိမ်မွေးတိရိစ္ဆာန်ဈေးကွက်မှာ လူကြိုက်များကြတယ်လို့လည်း Bernama သတင်းမှာ ဖော်ပြထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က