၂၀၁၈ ဧပြီလတုန်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲမှာ ဒူးဒဏ်ရာရရှိပြီး ဒီကနေ့အချိန်ထိ အနားယူနေရသူ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ချိန်ဘာလိန်ကတော့ ဒူးဒဏ်ရာရထားလို့ အချိန်ကြာ အနားယူနေခဲ့ရရာမှ အခုအခါ ပြန်လည်သက်သာလာလို့ ယူ-၂၃ အသင်းနဲ့အတူ စတင်ကစားနိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ယူ-၂၃ အသင်းနဲ့ အတူ ပါဝင်ကစားခဲ့တဲ့ အချိန်က ၄၁ မိနစ်သာရှိခဲ့ပြီး ဒဏ်ရာအကင်း မသေသလို ပြန်ဖြစ်ခဲ့လို့ လူစားလဲမှု ချက်ခြင်း ပြုလုပ်ခဲ့ရတယ်လို့ Daily Mail က ဖော်ပြပါ တယ်။ အခုတစ်ကြိမ်ရရှိခဲ့တာက တံကောက်ကြောဒဏ်ရာဖြစ်တယ်လို့ သိရပြီး သူကိုယ်တိုင်လည်း ကွင်းအတွင်းက လူစားလဲထွက်ခွာချိန် သူ့ရဲ့ တံကောက်ကြောကို ကိုင်ပြီး ထွက်ခွာသွားတာကို မြင်တွေ့ရမှာပါ။
ချိန်ဘာလိန်ရဲ့ယူ-၂၃အသင်းနဲ့ ပူးပေါင်းကစားခဲ့တဲ့ပွဲကို အသင်းရဲ့ အားကစားဒါရိုကတာ အက်ဝုဒ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး ဒီလို တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကလည်း ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် ဒဏ်ရာပြသနာ ကြီးကြီးမားမား ပြန်လည်ရရှိတာ မဟုတ်ပဲ အကင်းမသေတဲ့ သဘောမျိုးလောက်သာ ဖြစ်ခဲ့တယ်လို့လည်း လီဗာပူး ဆေးအဖွဲ့က ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။ ချိန်ဘာလိန်ကတော့ ၂၀၁၈ ဧပြီလတုန်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့အပြီး ဆေးကုသမှု ခံယူနေရသူ ဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၂နေရာရပ်တည်နေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုကျော့အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားဖို့ ရှိပါတယ်။