အမြန်လမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်လို့ ဒဏ်ရာရနေတဲ့ ယာဉ်မောင်းကို ဝင်ကူညီခဲ့တဲ့ ကျေးရွာဒေသခံ ၃ ဦး ကားထပ်ဆင့်တိုက်ခံရပြီး ဒဏ်ရာရ ယာဉ်မောင်းအပါ ၄ ဦးလုံး သေဆုံးခဲ့ပြီး ရွာသားတစ်ဦးမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့ ကသိရပါတယ်။
မနေ့က အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ HIJET အဖြူရောင်ကား တိမ်းမှောက်ခဲ့လို့ ဒဏ်ရာရနေတဲ့ ယာဉ်မောင်းကို ပတ်ဝန်းကျင်ရှိ လှေလှော်အင်းကျေးရွာသား ၄ ဦးက ပရိုဘောက်အဖြူရောင်ယာဉ်ကို တားပြီး လူနာတင်ဆောင်နေစဉ် နောက်ထပ် ကားတစ်စီးက ဝင်ရောက်တိုက်ခဲ့တာကြောင့် ကူညီနေတဲ့ ရွာသား ၄ ဦးထဲက ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိထားတဲ့ ဟိုက်ဂျက်ယာဉ်မောင်းလည်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ် ။
ဒါ့အပြင် နောက်ထပ် လှေလှော်အင်းရွာသား တစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ယာဉ်တိုက်ခဲ့တဲ့ ပရိုဘောက်ကားယာဉ်မောင်းလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Zin Moe
" မိုးရွာထားတော့ အရှိန်မထိမ်းနိုင်ဘဲ ကားမှောက်တာကို ရွာသားတွေက ဝင်ကူညီကြတာ။ ဒဏ်ရာရနေတဲ့ကားသမားကို ဆေးရုံပို့ဖို့လုပ်နေတုန်း နောက်ပရိုဘောက်ကားက ဘရိတ်စလစ်ဖြစ်ပြီး ထပ်တိုက်မိတာပေါ့။ ရွာသား ၃ ယောက်နေရာမှာပဲ သေတယ်။တစ်ယောက်ကလည်း ဒဏ်ရာပြင်းတယ်။စိုးရိမ်ရတယ်။ နောက်ပြီး ဒဏ်ရာရထားတဲ့ကားသမားလည်း သေသွားတယ်။ နောက်ဆုံးဝင်တိုက်တဲ့ကားသမားကတော့ မစိုးရိမ်ရပါဘူး " လို့ အမြန်လမ်းရဲတပ်ဖွဲ့က တာဝန်ကျအရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါ ယာဉ်မတော်တဆ ဆင့်ကဲတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လူသေဆုံးသည်အထိဖြစ်ခဲ့သ လို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တာကြောင့် ယာဉ်မောင်း နေလင်းထက်ကျော်သူ(ခ)နေလင်းကို ယာဉ်(ပ) ၁၃/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/ ၃၀၄-က အရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက် ထားတယ်လို့သိရပါတယ်။
အမြန်လမ်းမကြီးမှာ မောင်းနှင်မယ်ဆိုရင် အိမ်စီးကားကို ကီလို ၁၀၀ ၊ Light Truck နဲ့ Hijet ကို ကီလို ၆၀ ၊ Express အဝေးပြေးကားတွေကို ကီလို ၉၀ အထိသာ မောင်းနှင်ခွင့်ပြုထားတယ်လို့လည်းသိရပါတယ်။