ရည်းစားဟောင်းဖြစ်သူက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မိုးအောင်ရင်ကို ဒီနေ့ရုံးချိန်းမှာ တရားရုံးကစတင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်က ဒီနေ့ (သြဂုတ်လ ၂၆ ရက်) က ရန်ကင်းတရားရုံးမှာပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ မိုးအောင်ရင်ကို စတင်စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ တရားစွဲဆိုထားသူ မခင်မြတ်နိုးက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။
“ ဒီနေ့ ရုံးချိန်းမှာ မိုးအောင်ရင်က အံဆုံး ရောင်နေလို့ဆိုပြီးတော့ ဆေးခွင့်လာတင်ပါတယ်။ ကျန်းမာရေးမကောင်းတာကလည်း ကာယကံရှင်ကိုယ်တိုင်ပဲ သိမှာပါ။ တကယ်ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တပတ်ရုံးချိန်းတုန်းက မဖြစ်မနေစစ်မယ်လို့ပြောတော့ သူ့ကို နည်းနည်းတော့ စစ်လိုက်ပါတယ်။ သူ့ဘက်ကနေပြီးတော့ ကိုယ်နဲ့ဘယ်လို သိခဲ့တယ် ဆိုတာလောက်ပဲရှိသေးတယ်။ စစ်တာကလည်း သူ မူးယစ်ဆေးဝါးအမှုနဲ့ အဖမ်းမခံရခင်ကာလတုန်းက အကြောင်းကို စစ်တာပါ” လို့ သူကဆိုပါတယ်။
မိုးအောင်ရင်ဟာ ဒီနေ့ ရုံးချိန်းမှာလည်း ကျန်းမာရေးမကောင်းလို့ ခွင့်လာတင်တာလို့ သိရပါတယ်။ ရုံးချိန်းပျက်ကွက်မှုတွေ များလာတာကြောင့် အဆင်မပြေဖြစ်ရတယ်ဆိုပြီးတော့ သြဂုတ်လ(၂၆) ရက်နေ့ ရုံးချိန်းကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
“ အမှုက အရင်ကတည်းက ရုံးချိန်းရက်တွေ ကြိုပေးထားတာပါ။ အဲဒီရက်တွေ အတိုင်း အမှန်တကယ် စစ်ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဒီကြားထဲမှာ မအားတာတွေရော၊ ရုံးချိန်းပျက်ကွက်တာတွေရော ရှိနေတော့ အမှုက ကြာနေတယ်။ ပြီးရမယ့်ဟာက မပြီးဘူးဖြစ်နေတော့ အဆင်မပြေဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။
မိုးအောင်ရင် ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က ကာမလိမ်လည်မှုဖြင့် ရန်ကင်းတရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ အခုဆိုရင်တော့ အမှုကို စစ်ဆေးနေတာ (၈) လအကြာ ရှိပြီဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ် ကြောင်း၊ချစ်သူကောင်မလေးက မူးယစ်ဆေးသုံးစွဲ ကြောင်းကို အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက် ခင်မြတ်နိုးက အခုလို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။