ဘရိုက်တန်က အာဆင်နယ်ကို အိမ်ကွင်းမှာ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့တာပါ။

ဒီပွဲနဲ့ပတ်သက်လို့ကတော့ ဘရိုက်တန်အကြောင်းကိုပဲ အဓိကဦးတည်ပြောရပါလိမ့်မယ်။ ဘရိုက်တန်နဲ့အာဆင်နယ် ပွဲပြီးသုံးသပ်ချက်ဆိုတာထက် ဘရိုက်တန် Appreciation Post ဆိုရင်လည်းမမှားပါဘူး။



ဒီအသင်းက လက်ရှိအချိန်မှာ ကံသီလို့ဇယားထိပ်ရောက်နေတာမဟုတ်ဘဲ သူတို့ရဲ့ တစ်ဦးချင်းကြိုးစားအားထုတ်မှု၊ ကျစ်လျစ်တဲ့အသင်းလိုက်ကစားဟန် ဒါတွေကြောင့်ဇယားထိပ်နားရောက်နေတာပါ။

ပြီးခဲ့တဲ့အပတ်က ပဲလေ့စ်ကိုနိုင်ရင် ဇယားထိပ်ဆုံးကို ရောက်နိုင်ပေမယ့် သရေကျခဲ့ပါတယ်။ ဒါပေမယ့် ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စဖြစ်ပြီး အခွင့်အရေးကောင်းကို လက်လွှတ်ခံရလားဆိုပြီး အပြစ်သွားတင်နေလို့ မရပါဘူး။ ဒီအသင်းရဲ့ဖြစ်တန်နိုင်စွမ်းက ဒါအကုန်ပါပဲ။ ဒီလောက်ရောက်နေတာကိုတောင် ချီးကျူးရမှာပါ။

အသင်းမှာ တစ်ယောက်တည်းက ချွန်ထွက်နေတဲ့ ကစားသမားမရှိပါဘူး။ ဒါပေမယ့် Individual အလိုက်မှာ ခိုကပ်နေတဲ့သူမရှိဘဲ အရမ်းကိုကြိုးစားလွန်းပြီး အာဆင်နယ်ခံစစ်ကို တရစပ်ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ အိမ်ကွင်းပရိသတ်ရှေ့မှာ သူတို့အကြောက်အလန့်မရှိခဲ့ဘူး၊ အာဆင်နယ်ကို အိမ်ကွင်းမှာ ကန်ရရင် အသာစီးရခဲ့ဖူးတာတွေရှိတယ်၊ ဒီစိတ်နဲ့ သူတို့တိုက်ပွဲဝင်ခဲ့ပါတယ်။

အာဆင်နယ်ဘက်က ဒီနေ့ ကွင်းလယ်မှာပါလာတဲ့ လိုကွန်ဂါ၊ ပါတေးတို့ရော ခံစစ်တန်းမှာပါလာတဲ့ ကစားသမားတွေ အကုန်လုံးရုန်းကန်ခဲ့ရတယ်။ ဘရိုက်တန်ရဲ့ တိုးအား၊ ရုန်းအားတွေ၊ တိုက်စစ်လမ်းကြောင်းစတင်မှုနဲ့ Final Pass တွေကြောင့် အာဆင်နယ်ခံစစ်ကစားသမားတွေ Position မကြာခဏ Out ခဲ့ပြီး နေရာလွတ်တွေပေးခဲ့ရတယ်။ ဒီနေ့ အာဆင်နယ်ကိုမြင်ရတာ ရာသီအဖွင့် ဘရန့်ဖို့ဒ်နဲ့ပွဲက အာဆင်နယ်ကို ပြန်မြင်ရသလိုပါပဲ။

ပြီးခဲ့တဲ့အပတ်က စပါးကိုနိုင်ခဲ့တဲ့ ပွဲပြီးသုံးသပ်ချက်ထဲမှာ ထည့်ရေးခဲ့ဖူးတာရှိပါတယ်။ အာဆင်နယ်အနေနဲ့ အဲ့ဒီပွဲက Consistency ကို နောက်ပွဲတွေမှာ ဆက်လက်ပြသနိုင်ဖို့ လိုအပ်တယ်ဆိုတာပါ။ ဒီနေ့ အာဆင်နယ်မှာ စပါးနဲ့ပွဲက ပုံစံလိုမျိုးမမြင်ခဲ့ရပါဘူး။ ပြောရရင် လက်သင့်ရာသွားနေသလိုမျိုး ကြုံသလိုကစားခဲ့တယ်၊ ထက်မြက်မှုတွေ ပျောက်ဆုံးခဲ့ပါတယ်။ တစ်ရာသီလုံး ဒီတိုင်းဆက်သွားနေမလားတောင် မပြောတတ်ပါဘူး။

ဘရိုက်တန်ကို ပြန်ဖိအားပေးနိုင်တဲ့အချိန်တွေရှိခဲ့ပေမယ့် ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေမဖြစ်ခဲ့ပါဘူး။ အရေးပါတဲ့အချိန်မှာ စမစ်ရိုဝီက အပိုင်အခွင့်အရေးလို့ပြောနိုင်တဲ့ အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် လူပေးရမလား၊ ကန်ရမလားဆိုတဲ့ သူ့ရဲ့ Decision Making ပိုင်းက အရမ်းကိုနှောင့်နှေးလွန်းပြီး နောက်ဆုံးသူ့ရဲ့ကန်ချက်က ဂိုးပေါက်ကိုခြိမ်းခြောက်နိုင်ခဲ့တယ်ဆိုပေမယ့် နှမြောစရာအခွင့်အရေးတစ်ရပ်ပါ။

ဘာပဲဖြစ်ဖြစ် ဒီသရေရလဒ်က နှစ်သင်းလုံးအတွက် ကျေနပ်စရာ၊ ပရိသတ်တွေအတွက်လည်း ကျေနပ်စရာဖြစ်ပါလိမ့်မယ်။ ထပ်ပြီးပြောရရင် ဘရိုက်တန်က ဒီနေ့မှာ လုံးဝကြီးမဟုတ်တောင် အာဆင်နယ်ထက် နှာတဖျားသာခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဘရိုက်တန်ကစားသမားတွေ တော်တော်ကြီးနိုင်ချင်ခဲ့တာ သိသာပါတယ်။

ဘောလုံးကိုင်ထားချိန်၊ တိုက်စစ်ဆင်ချိန်မှာ ခံစစ်ကစားသမားတွေက အာဆင်နယ်ကွင်းတစ်ဝက်နားလောက်အထိကို နေရာယူကစားခဲ့တာပါ။ ဒါပေမယ့် အရေးကြုံလာချိန်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားမရှိခဲ့ပါဘူး။ ဒါကို အာဆင်နယ်ပရိသတ်တွေလည်း လက်ခံရပါလိမ့်မယ်။ ပွဲပြီးခါနီးမှာ ဆာကာ ဒဏ်ရာရသွားတာကလည်း အာဆင်နယ်အတွက် နစ်နာစရာဖြစ်ခဲ့ပါတယ်။ 

Share

က္က