ယူနိုက်တက် တိုက်စစ်ကစားသမား လင်ဂတ်ဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို အကြီးအကျယ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး လာမယ့် ဆောင်းရာသီမှာတင် အသင်းက ထွက်ခွာဖို့ ကြိုးစားနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အသက် (၂၈) နှစ်အရွယ် လင်ဂတ်ဟာ ယူနိုက်တက် အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတည်းက ယူနိုက်တက်ကို စွန့်ခွာဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့် နည်းပြဆိုးလ်ရှားကတော့ လင်ဂတ်ကို ပုံမှန်ပွဲထွက်ခွင့်အတွက် အခွင့်အရေးပေးမယ်လို့ စည်းရုံးခဲ့တာကြောင့် လင်ဂတ်တစ်ယောက် ယူနိုက်တက်မှာပဲ ဆက်ရှိခဲ့တာဖြစ်ပါတယ်။
လင်ဂတ်နဲ့ယူနိုက်တက်ကြား စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ယူနိုက်တက်က အခုလိုမျိုးပဲ စာချုပ်သစ်ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းပုံက တော်တော်လေး အထက်စီးဆန်ခဲ့ပြီး လင်ဂတ်ကို အခုရရှိနေတဲ့ လစာထက် လျှော့ချကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒီအပေါ်မှာတော့ လင်ဂတ် အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး စာချုပ်သက်တမ်းကုန်ချိန်အထိတောင် မစောင့်တော့ဘဲ လာမယ့် ဆောင်းရာသီမှာတင် အငှားထွက်ကစားဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေက ဖော်ပြထားတာပါ။ လင်ဂတ်ကို အငှားနဲ့ခေါ်ယူဖို့အတွက် နာမည်မဖော်ပြထားတဲ့ လာလီဂါအသင်းတစ်သင်းက လင်ဂတ်ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း သိရှိရပါတယ်။
လင်ဂတ်ကို ခေါ်ယူဖို့ သူအငှားနဲ့ သွားကစားဖူးတဲ့ အသင်းဟောင်း ဝက်စ်ဟမ်းကလည်း စိတ်ဝင်စားနေဆဲဖြစ်ပြီး လင်ဂတ်သာ ယူနိုက်တက်က ထွက်ခွာဖြစ်မယ်ဆိုရင် သူ့ကိုခေါ်ယူဖို့အတွက် ထပ်မံကြိုးစားလာဖွယ်ရှိပါတယ်။
ယူနိုက်တက်မှာ လင်ဂတ်အပြင် ဗန်ဒီဘိခ်၊ အဲလက်စ်တဲလက်စ်၊ အဲရစ်ဘာယီတို့အပါအဝင် ကစားသမား (၈) ယောက်လောက်က ဆိုးလ်ရှားရဲ့ လူထုတ်ပုံအပေါ် မကျေမနပ်ဖြစ်နေပြီး ဗန်ဒီဘိခ်ကလည်း လာမယ့်ဆောင်းရာသီမှာတင် အသင်းက သေချာပေါက်ထွက်ခွာဖို့ ပြင်ဆင်ထားပြီးပြီဖြစ်ပါတယ်။