မန်စီးတီးနည်းပြ ဂွါဒီယိုလာက ခရစ္စတယ်ပဲလေ့စ်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ အသင်းအနေနဲ့ နိုင်ပွဲရရှိဖို့ မထိုက်တန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဦးဆောင်ဂိုးတွေရပြီးမှ နှစ်ဂိုးစလုံး ပြန်လည်ချေပခံလိုက်ရတာပါ။
ဒီပွဲမှာ မန်စီးတီးအတွက် ဂိုးတွေကို ဂရီလစ်ရှ်၊ လီဝစ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် မာတေတာရဲ့ ချေပဂိုးတစ်ဂိုးကို စတင်ခွင့်ပြုခဲ့ရသလို နောက်ဆုံးမိနစ်မှာလည်း ပင်နယ်တီပေးလိုက်ရပါတယ်။ ဒီပင်နယ်တီကို အိုလိုက်စ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ဆုံးနေမှုကို မရပ်တန့်နိုင်ခဲ့ဘဲ ပရီးမီးယားလိဂ်နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဂွါဒီယိုလာက “ကျွန်တော်တို့ လွန်ခဲ့တဲ့ (၇) နှစ်၊ (၈) နှစ်က ပေးလိုက်ရတဲ့ဂိုးတွေလိုမျိုး ပုံစံကို အခုချိန်မှာ ခွင့်ပြုလို့မရပါဘူး”
“ပထမချေပဂိုးအတွက် သူတို့က ပြေးပြေးလွှားလွှားပဲ သွင်းသွားတယ်၊ နောက်ဆုံးမိနစ်မှာ ပင်နယ်တီပေးလိုက်ရပါတယ်။ (၁၈) ကိုက်စည်းထဲမှာဆိုရင် ဂရုစိုက်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂရုမစိုက်ခဲ့ပါဘူး။ အနိုင်ရဖို့လည်း မထိုက်တန်ခဲ့ပါဘူး။ ဒါက ကံဆိုးတာ မဟုတ်ပါဘူး”
“ကိုယ်နဲ့ထိုက်တန်တဲ့ရလဒ်ကို ရခဲ့တာပါ။ နှစ်မှတ်ပေးလိုက်တယ်၊ ပင်နယ်တီပေးလိုက်တယ်၊ ဒါက ထိုက်တန်ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီးနဲ့ပွဲကလွဲရင် ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အခွင့်အရေးတွေနဲ့ ပေးလိုက်ရတဲ့ဂိုးတွေက တော်တော်လေး ဆင်တူနေတာကို တွေ့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။