ကန်တေနဲ့ပတ်သက်လို့ ချဲလ်ဆီးပရိသတ်တွေက ပျော်ရွှင်နေကြတာပါ။

မနေ့ညက ဆောက်သမ်တန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးရဲ့ ကာရာဘောင်ဖလား (၁၆) သင်းအဆင့်ပွဲစဥ်မှာ ကန်တေရဲ့ အမူအရာကို မြင်ရတာ ချဲလ်ဆီးပရိသတ်တွေအတွက် ကြည်နူးပျော်ရွှင်စရာတစ်ခု ဖြစ်ခဲ့ပြန်ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ချဲလ်ဆီးတို့ ဆောက်သမ်တန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျနေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာပါ။



ပင်နယ်တီမှာတော့ ချဲလ်ဆီးက ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ကန်တေဟာ ကြွက်သားဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ နော့ဝစ်ချ်ကို (၇) ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲ၊ အခု ဆောက်သမ်တန်နဲ့ပွဲတို့ကို လွဲချော်ခဲ့တာပါ။

ဒါပေမယ့်လည်း မနေ့ကပွဲမှာ ကွင်းအတွင်း လာရောက်ကြည့်ရှုခဲ့ပြီး အသင်းအနိုင်ရရှိချိန် ဂျာကင်အစိမ်းရောင် ဝတ်ဆင်ကာ ပြုံးပျော်ရွှင်နေတဲ့ ကန်တေကို မြင်ရတဲ့အပေါ် ချဲလ်ဆီးပရိသတ်တွေက သူတို့ရဲ့ပျော်ရွှင်မှုတွေကို မျှဝေခဲ့ပါတယ်။ ကန်တေဟာ အသင်းနိုင်ပွဲအတွက် ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံနေတာဖြစ်ပြီး ဒီမြင်ကွင်းအပေါ် ချဲလ်ဆီးပရိသတ်တွေကပါ အတူတကွ လိုက်ပါခံစားနေကြတာဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တစ်ယောက်က “ကန်တေသာ ပျော်ရွှင်နေတယ်ဆိုရင် ကျွန်တော်တို့ အားလုံးလည်း ပျော်ရွှင်ရပါတယ်” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပြီး အခြားသော ပရိသတ်ကလည်း “ခင်ဗျား ဒီနေ့မှာ ဘာမှမလုပ်ရသေးဘူးဆိုရင်တော့ ကန်တေလိုမျိုးသာ ရှင်သန်လိုက်ပါ” လို့ မှတ်ချက်ပြုရေးသားခဲ့ကြတာပါ။

ချဲလ်ဆီးနည်းပြ တူချယ်လ်ကတော့ ဒဏ်ရာကြောင့် လက်လွှတ်ထားရတဲ့ သူ့ရဲ့ အဓိကကွင်းလယ်လူ ကန်တေကို လာမယ့်တစ်ပတ်မှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်နေပြီး အဲ့ဒီနောက်မှာ ချဲလ်ဆီးက ချန်ပီယံလိဂ်ပွဲစဥ်အဖြစ် မာလ်မိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က