ဖိလစ်လမ်းက ပြောကြားခဲ့တာပါ။

ဂျာမနီနဲ့ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖိလစ်လမ်းက သူ့အနေနဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို သွားရောက်ကြည့်ရှုမှာမဟုတ်ဘဲ သပိတ်မှောက်သွားမယ့်အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ကာတာမှာ ကမ္ဘာ့ဖလားကျင်းပဖို့ ဆုံးဖြတ်ခဲ့ချိန်တည်းက ဖီဖာအပေါ် ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။



ကာတာနိုင်ငံဟာ ဘာသာရေးအယူအဆပြင်းထန်ပြီး စည်းကမ်းတင်းကျပ်မှုတွေများပြားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားအတွက် ဘောလုံးကွင်းတွေတည်ဆောက်တဲ့နေရာမှာလည်း အလုပ်သမားတွေအပေါ် ရက်ရက်စက်စက် ခေါင်းပုံဖြတ်ခဲ့ပြီး သေကျေပျက်စီးမှုတွေအတွက်လည်း ထိရောက်တဲ့တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခဲ့ပါဘူး။

ရွှေ့ပြောင်းလုပ်သား (၆၅၀၀) နဲ့အထက်ဟာ ကာတာရဲ့ ကမ္ဘာ့ဖလားစီမံကိန်းတွေမှာ သေဆုံးခဲ့တယ်လို့ သိရှိရပြီး ဒီအထဲက (၃၇) ယောက်ဟာ ဘောလုံးကွင်းတည်ဆောက်တဲ့နေရာတွေမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဂါးဒီးယန်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုး ဝေဖန်မှုတွေထွက်ပေါ်နေခဲ့ပေမယ့် ဖီဖာကတော့ တစုံတရာ အရေးတယူဆောင်ရွက်ခြင်းမျိုးမရှိခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း အသက် (၃၈) နှစ်အရွယ် ဖိလစ်လမ်းက “ကျနော် ဂျာမနီရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့မရှိသလို ပရိသတ်တယောက်အနေနဲ့လည်း ကာတာကို သွားရောက်အားပေးမှာ မဟုတ်ပါဘူး။ ကျနော့်အနေနဲ့ ဒီပြိုင်ပွဲကို အိမ်ကနေပဲ ကြည့်ရှုဖို့ရှိပါတယ်။ ပြိုင်ပွဲတခုကို ကျင်းပတဲ့နေရာမှာ လူ့အခွင့်အရေးက အကြီးမားဆုံး အခန်းကဏ္ဍတခုမှာ ပါဝင်သင့်ပါတယ်”

“နိုင်ငံတနိုင်ငံက ဒီလိုနေရာမျိုးမှာ အဆိုးရွားဆုံး အခြေအနေမျိုးရောက်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုယ် ပြန်စဥ်းစားသင့်ပါပြီ။ အနာဂတ်မှာ ဒါမျိုးတွေ ထပ်မဖြစ်သင့်တော့ပါဘူး။ အခု လာမယ့် ကမ္ဘာ့ဖလားမှာ လူ့အခွင့်အရေး၊ ရေရှည်တည်တံ့ခိုင်မြဲမှု အနေအထားနဲ့ နိုင်ငံရဲ့အရွယ်အစား ဒါတွေကို တခုမှ ထည့်သွင်းတွက်ချက်ထားပုံမပေါ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဖိလစ်လမ်းမတိုင်ခင်ကလည်း ယူနိုက်တက်ဂန္တဝင်ဟောင်းကြီး ကန်တိုနာက လာမယ့်ကာတာကမ္ဘာ့ဖလားကို သပိတ်မှောက်သွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က