ရိုးမားနည်းပြ မော်ရင်ဟိုဟာ ဆီဗီလာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီး ကားပါကင်ထဲမှာ ကွင်းလယ်ဒိုင် အန်သိုနီတေလာကို အကြိမ်ကြိမ် ဆဲဆိုခဲ့တာကြောင့် ကြီးလေးတဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ မော်ရင်ဟိုအတွက်တော့ ဆီဗီလာနဲ့ရှုံးပွဲက ဥရောပဗိုလ်လုပွဲတွေမှာ ပထမဆုံးအရှုံးလည်း ဖြစ်ခဲ့ပါတယ်။
အဆိုပါပွဲချိန်အတွင်း အေဘရာဟမ်ရဲ့ဖြစ်ရပ်၊ ပြိုင်ဘက် ကစားသမားရဲ့ လက်ထိဘော အစရှိတာတွေအတွက် အင်္ဂလန်လူမျိုး ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါပွဲမှာ အန်သိုနီတေလာက အဝါကတ် (၁၃) ကတ်အထိ ပြသခဲ့ပြီး မော်ရင်ဟိုကလည်း ကွင်းဘေးမှာ အကြီးအကျယ် စောဒကတက်ခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါသေးတယ်။
ပွဲအပြီး ကားပါကင်မှာတော့ မော်ရင်ဟိုက ကွင်းလယ်ဒိုင်တွေ စီးနင်းထွက်ခွာမယ့် ကားအနားကို ချဥ်းကပ်ကာ အန်သိုနီတေလာကို “အရှက်မရှိတဲ့ကောင်၊ သောက်တလွဲကောင်” လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်လည်း မော်ရင်ဟိုကို (၅) ပွဲ၊ (၆) ပွဲလောက် ပွဲပယ်ပြစ်ဒဏ် ချမှတ်နိုင်ပြီး ဒါက မော်ရင်ဟိုသာ အသင်းပြောင်းမယ်ဆိုရင် ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။
မော်ရင်ဟိုဟာ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ သတင်းထွက်နေပြီး ပီအက်စ်ဂျီနဲ့ သတင်းတွေ ကျယ်လောင်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုသာ အမှန်တကယ် အသင်းပြောင်းဖြစ်တယ်၊ ပွဲပယ်ပြစ်ဒဏ်တွေလည်း ချမှတ်ခံရတယ်ဆိုရင်တော့ မော်ရင်ဟိုတစ်ယောက် ရိုးမားမှာပဲဖြစ်ဖြစ်၊ အသင်းသစ်မှာပဲဖြစ်ဖြစ် လာမယ့်ရာသီမှာ မော်ရင်ဟိုက ဥရောပပွဲတွေရဲ့ အုပ်စုပွဲအားလုံးကို လွဲချော်သွားတော့မှာလည်း ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ စီးရီးအေမှာလည်း ကွင်းလယ်ဒိုင်တွေနဲ့ အကြိမ်ကြိမ် ပြဿနာတက်ခဲ့ပြီး တစ်ရာသီအတွင်းမှာတင် နည်းပြတစ်ယောက်အနေနဲ့ အနီကတ် (၂) ကြိမ်ထိခဲ့ပြီးဖြစ်ပါတယ်။ မော်ရင်ဟိုဟာ သူ့ရဲ့ပုံစံတွေကြောင့် ပြည်တွင်းမှာရော၊ ဥရောပပွဲတွေမှာပါ ပြိုင်ဘက်တွေ၊ ကွင်းလယ်ဒိုင်တွေရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။