ကြာသပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။
- ချယ်လ်ဆီးဂိုးသမားဟောင်း ကော်တွိုက်စ်က ဘယ်လ်ဂျီယံအသင်းဖော် ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ဆီ လာခဲ့ဖို့အတွက် ဖိတ်ခေါ်သွားခဲ့ပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ ဖေဖော်ဝါရီလအစောပိုင်းမှာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်သွားမယ်လို့ ပြောခဲ့ဖူးတဲ့ ဟာဇက်က လက်ရှိအချိန်ထိ အပြောင်းအရွှေ့သတင်းနဲ့ ပတ်သက်ပြိး တစ်စုံတစ်ရာမပြောဆိုရသေးဘူးလို့ သိရပါတယ်။ ကော်တွိုက်စ်က ဘဝအတွက် ဆုံးဖြတ်ချက်ချဖို့နဲ့ ရီးရဲလ်မှာ သူ့သူငယ်ချင်းကို မြင်တွေ့ချင်တယ်လို့ မက်ဆေ့ဂျ်ပေးဖို့ခဲ့ကြောင်း သိရပါတယ်။
- လီဗာကူဆင်အသင်းက သူတို့အသင်းရဲ့လူငယ်ကြယ်ပွင့် ဟာဗက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၈၅)သန်း သတ်မှတ်လိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့အတွက် စိတ်ဝင်စားခြင်း ခံနေရတဲ့ အသက် (၁၉)နှစ်အရွယ် ကစားသမားကို ဘိုင်ယန်က အလိုရှိနေတာဖြစ်ပြီး လာမယ့်ရာသီအတွက် ဘိုင်ယန်က ကြိးမားတဲ့ အပြောင်းအရွှေ့တွေကို လုပ်ဆောင်သွားမယ်ဆိုတာ လျှို့ဝှက်သွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။
- မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန်လူငယ်ကြယ်ပွင့် (၃)ဦး ဖြစ်တဲ့ ဒီကလန်ရိုက်၊ ဆန်ချို နဲ့ ဝမ်ဘီဆာကာတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း The Sun က ဆိုပါတယ်။ အဆိုပါသတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားက သူ့အသင်းကို အင်္ဂလန်လူငယ်သွေးသစ်တွေနဲ့ တောင့်တင်းအောင် တည်ဆောက်ချင်နေပြီး ပရီးမီးယားလိဂ်ရဲ့ ငယ်မွေးခြံပေါက်စည်းမျဉ်းနဲ့လည်း ကိုက်ညီအောင် အသင်းကို ပြုပြင်ဖန်တီးယူဖို့ ကြိုးစားနေတာလို့ သိရပါတယ်။
- လက်စတာစီးတီးအသင်းက သူတို့အသင်းရဲ့နောက်ခံလူ မက်ဂွဲယားကို လာမယ့်နွေရာသီမှာ ပြန်လည်ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မက်ဂွဲယားအတွက် ယူနိုက်တက်ဘက်က ပေါင်သန်း (၉၀)အထိ ပေးချေဖို့ အသင့်ဖြစ်နေပေမယ့် လက်စတာက ရောင်းချဖို့ တွန့်ဆုတ်နေပြီး ဘင်ချီဝဲလ်၊ မက်ဒီဆန်တို့ကိုလည်း အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ ကြိုးစားနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။