နယူးကာဆယ်ယူနိုက်တက်က ပျင်းရိစရာကောင်းအောင်ကို ကစားနေတာလို့ ပြောဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်ကို ငှက်ကျားအသင်းခေါင်းဆောင် ထရစ်ပီယာက ပြန်လည်တုံ့ပြန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီနေ့ကစားရတော့မယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲမတိုင်ခင်မှာ အပြန်အလှန်ပြောစကားတွေက ပွဲအရှိန်ကို ပိုမိုပြီး မြှင့်တင်ပေးနေကာ စိတ်ဝင်စားဖို့ ကောင်းသထက်ကောင်းလာခဲ့ပါတယ်။
နယူးကာဆယ်က ပွဲကို ဖြည်းဖြည်းနဲ့မှန်မှန်ကစားပြီး အပိုင်အခွင့်အရေးကို စောင့်ဆိုင်းကာ ကစားနေခဲ့တာဖြစ်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ သူတို့အသင်းက ပွဲကို အမှန်တကယ်ကစားမှု မိနစ်အနည်းဆုံးအသင်းတသင်းဖြစ်ကာ အချိန်ဆွဲလွန်းတယ်လို့ ဝေဖန်ခံနေရတာပါ။ တန်ဟက်ဂျ်အပြင် ယာဂင်ကလော့ပ်နဲ့ အာတီတာတို့ကလည်း ဝေဖန်ခဲ့ဖူးတာဖြစ်ပါတယ်။
တန်ဟက်ဂျ်ရဲ့ ပြောဆိုမှုကို ထရစ်ပီယာက "ဒီရာသီမှာ ကျနော်တို့နဲ့ ရင်ဆိုင်ရတာကို တချို့အသင်းတွေက မပျော်မရွှင်ဖြစ်နေပါတယ်၊ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တို့က ပါးနပ်ရမှာဖြစ်ပြီး ကိုယ့်အတွေ့အကြုံကို အသုံးချရမှာပါ၊ ပြိုင်ဘက်ပရိသတ်တွေကလည်း ဒါကို သဘောကျမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့အားပေးတဲ့အသင်းက နယူးကာဆယ်နဲ့ ကစားရမှာမို့လို့ပါ"
"ဒါပေမယ့် ကြားနေအမြင်နဲ့ကြည့်မယ်ဆိုရင် ဒါက ကောင်းပါတယ်၊ ဘယ်သူမှ ဒီလိုမကန်ရဘူးဆိုတာမျိုးတော့ ကျနော်မကြားဖူးဘူး၊ ကျနော်ကတော့ သဘောကျတယ်။ လူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ်ပါ၊ စပိန်မှာ ကျနော် အတွေ့အကြုံအများကြီးရခဲ့တယ်၊ ပွဲကို ဘယ်လိုအချိန်မှာ နှေးကွေးသွားအောင် လုပ်ရမလဲဆိုတာကိုပေါ့၊ ခင်ဗျားက နိုင်ပွဲလိုချင်တယ်ဆိုရင် အချိန်တိုအတွင်း ပွဲကို ကောင်းကောင်းစီမံခန့်ခွဲရမှာပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက်တို့ရဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲကိုတော့ ဒီနေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ကစားသွားကြမှာဖြစ်ပါတယ်။ ဒီနှစ်သင်းနောက်ဆုံးတွေ့ခဲ့တဲ့ ၆ ကြိမ်မှာ နယူးကာဆယ်တို့ တပွဲမှ အနိုင်မရခဲ့ပေမယ့် နောက်ဆုံး ၂ပွဲဆက်တိုက်ကိုတော့ သရေကစားနိုင်ခဲ့ပါတယ်။