ဒီအစီအစဥ်ကို မကြာခင် အကောင်အထည်ဖော်နိုင်ဖို့ စဥ်းစားနေတာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပွဲကစားချိန်ကို မိနစ် (၁၀၀) ထားရှိဖို့အတွက် စဥ်းစားနေတယ်လို့ အီတလီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄) နှစ်တကြိမ်အစား (၂) နှစ်တကြိမ် ကစားဖို့လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။



ဒီအပေါ်မှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် သက်ရောက်နေပါတယ်။ ပြိုင်ပွဲရဲ့ အနှစ်သာရ ပျောက်ဆုံးသွားနိုင်ခြင်း၊ ကစားသမားတွေ ပွဲပန်းမှုဒဏ်ကို ပိုမိုခံစားနိုင်ရခြင်းတို့ကြောင့် အများစုက ဒီအစီအစဥ်ကို ဆန့်ကျင်ခဲ့ပါတယ်။ ဒီလိုမျိုး ဝေဖန်မှုတွေ အပြီးမသတ်ခင်မှာတင် ဖီဖာက အခုလိုမျိုး တပွဲချင်းစီရဲ့ ပွဲကစားချိန်ကို တိုးမြှင့်ဖို့ စဥ်းစားနေတယ်လို့ သတင်းထွက်လာခဲ့တာပါ။

ဒါ့အပြင် ဒီအစီအစဥ်ကို လာမယ့် ကာတာကမ္ဘာ့ဖလားမှာတင် စတင်မိတ်ဆက်သွားဖို့ စိတ်ကူးနေတယ်လို့လည်း သိရပါတယ်။ ပုံမှန်အားဖြင့် ကမ္ဘာ့ဖလားပွဲစဥ်တွေကို နွေရာသီမှ ကျင်းပလေ့ရှိပေမယ့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကာတာနိုင်ငံရဲ့ ရာသီဥတုကြောင့် အခုလိုမျိုး ဆောင်းရာသီမှာ ပြောင်းရွှေ့ကျင်းပဖို့ စီစဥ်ခဲ့တာပါ။

ဒီလိုမျိုး စိတ်ကူးထွက်လာရတဲ့အကြောင်းရင်းကတော့ အခု သတ်မှတ်ထားတဲ့ ပွဲကစားချိန် မိနစ် (၉၀) အတွင်းမှာ တကယ်တမ်း ဘောလုံးကစားရတဲ့အချိန်က ထင်သလောက်များပြားခြင်းမရှိတာကြောင့်ပါ။ CIES ရဲ့ လေ့လာဆန်းစစ်မှုတွေအရ ချန်ပီယံလိဂ်ပွဲတွေမှာ မိနစ် (၉၀) ရဲ့ (၆၄.၇) ရာခိုင်နှုန်း၊ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ မိနစ် (၉၀) ရဲ့ (၆၂) ရာခိုင်နှုန်းလောက်သာ ဘောလုံးအမှန်တကယ် ကစားရတယ်လို့ သိရှိရပါတယ်။

ဒါပေမယ့် ဒီလိုမျိုး ပွဲကစားချိန် (၁၀) မိနစ်တိုးမြှင့်လိုက်တာက ကစားသမားတွေရဲ့ ပွဲပန်းမှုဒဏ်ကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ယူဆကြမှာဖြစ်ပြီး ကလော့ပ်၊ ဂွါဒီယိုလာတို့လို ထိပ်တန်းနည်းပြတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ 

Share

Loading Next Article...
က္က