ကီအွန်နဲ့ ခရစ္စဆပ်တန်တို့က သုံးသပ်ခဲ့တာပါ။

ဒီနှစ်အတွင်း ကျင်းပတော့မယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက် သေချာပေါက်ရွေးချယ်ခံရမယ့် ကစားသမားနှစ်ဦးရဲ့ နာမည်တွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံတကာခြေစမ်းပွဲတွေကို အင်္ဂလန်ကကစားနေပြီး ကလပ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေနဲ့ လူငယ်ကစားသမားတချို့ကို ရွေးချယ်ခေါ်ယူထားကာ ခြေစွမ်းနဲ့ကစားကွက်ပိုင်း စမ်းသပ်မှုတွေကို နည်းပြဆောက်ဂိတ်က ပြုလုပ်နေပါတယ်။ 

ပြိုင်ပွဲကျင်းပဖို့အတွက် အချိန်ကာလအားဖြင့် ၈ လခန့်သာ ကျန်ရှိတော့တာဖြစ်ပြီး ဒီကာလအတွင်းမှာ အင်္ဂလန်ကစားသမားတိုင်းအတွက်တော့ ကာတာကို လိုက်ပါနိုင်ဖို့မျှော်လင့်ချက်တွေက ရှိနေပါတယ်။ လက်ရှိမှာ ရွေးချယ်မခံရတဲ့ ကစားသမားတွေအနေနဲ့လည်း ကလပ်အသင်းနဲ့အတူ လက်ကျန်ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင် ရွေးချယ်ခံရဖို့ရှိနေပြီး ရွေးချယ်ခံထားရသူတွေထဲကလည်း ချန်လှပ်ခံရမယ့်သူတွေ ထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ မာတင်ကီအွန်နဲ့ ခရစ္စဆပ်တန်တို့ကတော့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်နဲ့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းတို့က သေချာပေါက်ရွေးချယ်ခံရလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ Daily Mail မှာ သူတို့နှစ်ဦးက သုံးသပ်ဆွေးနွေးခဲ့ရာမှာ အခြားသောကစားသမားတွေက အပြောင်းအလဲဖြစ်နိုင်ပေမယ့်လည်း ဒီကလန်ရိုက်နဲ့ ကိန်းတို့ကတော့ ဆောက်ဂိတ်မဖြစ်မနေခေါ်ယူလိမ့်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ 

ဒီကလန်ရိုက်ကတော့ ဒီရာသီမှာ ဝက်စ်ဟမ်းအတွက် တော်တော်လေးခြေစွမ်းပြနေတာဖြစ်ပြီး ပေါင်သန်း ၁၅၀ အထိ တန်ကြေးရှိတဲ့ ကစားသမားလို့ အသင်းက သတ်မှတ်ထားတာဖြစ်ပါတယ်။ ကိန်းကလည်း ရာသီအစမှာ ခြေစွမ်းမပြနိုင်ပေမယ့် ကွန်တီလက်အောက်မှာ ပုံမှန်ခြေစွမ်းပြရလာခဲ့သလို အင်္ဂလန်ရဲ့ ပင်တိုင်ဂိုးသွင်းရှင်ဖြစ်နေကာ ဆောက်ဂိတ်အားအကိုးရဆုံး တိုက်စစ်မှူးဖြစ်ပါတယ်။ 


ဒါကြောင့် သူတို့နှစ်ဦးကို သေချာပေါက်ကို ရွေးချယ်လိမ့်မယ်လို့ ကီအွန်တို့နှစ်ဦးစလုံးက ယုံကြည်နေတာလည်းဖြစ်ပါတယ်။ 


Share

က္က