အင်္ဂလန်နဲ့အတူ အဓိကပြိုင်ပွဲကြီးတခုကို ပထမဆုံးအကြိမ်ရင်ဆိုင်ရတော့မယ့် တိုက်စစ်မှူးကော်လမ်ဝီလ်ဆင်က သူတို့အသင်းဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ ရာနှုန်းပြည့်သေချာကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဒိုင်ယာရီထဲမှာ ကာတာကိုသွားဖို့အတွက် ထုပ်ပိုးပြင်ဆင်မှုတွေလုပ်ရမယ်ဆိုတာကို လွန်ခဲ့တဲ့ ၄ လကတည်းက ရေးမှတ်ထားခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။
နယူးကာဆယ်တိုက်စစ်မှူးဟာ သူ့ကို နည်းပြဆောက်ဂိတ်က သေချာပေါက်ရွေးချယ်မယ်ဆိုတာကို ယုံကြည်ထားပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် နယူးကာဆယ်အတွက် အောက်တိုဘာလထဲမှာ ၄ ဂိုးအထိ သွင်းယူပေးခဲ့ကာ အင်္ဂလန်ရဲ့ကစားသမား ၂၆ ဦးစာရင်းထဲ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
"ကာတာအတွက် ငါ ထုတ်ပိုးပြင်ဆင်ရမယ်ဆိုတာကို ကျနော့် ဒိုင်ယာရီထဲမှာ ရေးချခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၄ ပတ်လောက်ကဆိုရင် လူတိုင်းက မင်း ဆောင်းရာသီကာလမှာ ဘယ်ကိုသွားမှာလဲဆိုပြီးတော့ မေးနေခဲ့တယ်၊ ကျနော်က ငါ ကာတာကို သွားမှာလို့ပြန်ပြောခဲ့တယ်၊ သူတို့ကတော့ ဒီကောင် နောက် နေတာလားလို့ တွေးနေကြလိမ့်မယ်၊ အဲဒီပန်းတိုင်ကို အရောက်သွားဖို့ ကျနော်စိတ်ကူးထားပြီး ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမိပါတယ်" လို့ ဝီလ်ဆင်က ဆိုပါတယ်။
"ပြီးခဲ့တဲ့ နှစ်ပတ်ကျော်မှာ ဝီလ်ဆင်က ကိုဗစ်ကူးစက်ခံခဲ့ရလို့ လေ့ကျင့်ရေးကွင်းမှာ တယောက်တည်းအလုပ်လုပ်နေတုန်း အသင်းဖော်တွေရောက်လာပြီး မင်း ဘာမှမကြားရသေးဘူးလားဆိုပြီး မေးတယ်၊ ထရစ်ပီယာကတော့ ထိုင်နေပြီး ပြုံးနေတာ၊ ဒါနဲ့ ကျနော်လည်း တွေးလိုက်မိတယ်၊ ဒီကောင်တော့ သူ့ကိုရွေးချယ်တဲ့ မက်ဆေ့ချ်ရပြီလို့၊ ဒါပေမယ့် ကျနော့်ဆီတော့ မရောက်လာဘူး"
"WhatsApp နိုတီတချို့တော့ ကျနော့်ဆီတက်လာပေမယ့် လက်ရွေးစင်အသင်းက ရွေးချယ်တဲ့အကြောင်းတော့မဟုတ်ဘူး၊ ကျနော် မက်ဆေ့ချ်မရသေးတာကို သူတို့က မယုံဘူး၊ ဒါပေမယ့် နောက်တော့ မက်ဆေ့ချ်ဝင်လာပါတယ်၊ ကျနော်အရမ်းဝမ်းသာခဲ့ရတယ်၊ ကာတာကို အရောက်သွားပြီး ဆုဖလားရယူနိုင်မယ်လို့ ရာနှုန်းပြည့်ယုံကြည်ပါတယ်" လို့ ဝီလ်ဆင်က ထပ်မံပြောဆိုခဲ့ပါတယ်။