နည်းပညာကုမ္ပဏီကြီးတချို့ရဲ့ တတိယသုံးလပတ်ရှင်းတမ်းတွေ

COVID-19 ကပ်ကြောင့် တချို့တွေ စီးပွားရေးကပ်ဆိုက်ကုန်ပေမယ့် အင်အားကြီးနည်းပညာလုပ်ငန်းစုကြီး အတော်များများကတော့ ပန်းပန်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

သုံးလပတ်အလိုက် ကုမ္ပဏီဝင်ငွေထွက်ငွေစာရင်းရှင်းတမ်း လုပ်တဲ့အစဉ်အလာအတိုင်း စက်တင်ဘာအကုန်မှာ နည်းပညာကုမ္ပဏီကြီးတချို့ရဲ့ တတိယသုံးလပတ်ရှင်းတမ်းတွေ ထွက်လာပါတယ်။ ဒီထဲက လောလောဆယ် သိရသလောက် သုံးလပတ်အမြတ်အစွန်းတွေ နဲ့ ဝင်ငွေကောင်းခဲ့တဲ့ နည်းပညာကုမ္ပဏီတချို့အကြောင်း ဖော်ပြလိုက်ပါတယ်။ 




(၁) Alphabet


Photo: pehalnews

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ မှန်းထားတာထက် သုံးလပတ်အမြတ်နဲ့ဝင်ငွေ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ Google ရှယ်ယာဝင်ငွေဟာ အရင်နှစ်သုံးလပတ်မှာ ၃၇.၁ ဘီလျံ ဝင်ခဲ့ရာကနေ ဒီနှစ်ထဲမှာ ၄၃% မြင့်တက်ပြီး ဒေါ်လာ ၅၃.၁၃ ဘီလျံအထိ ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ YouTube Ads ဝင်ငွေမှာလည်း အရင်နှစ်က ရခဲ့တဲ့ ဒေါ်လာ ၅.၀၄ ဘီလျံကနေ အခုနှစ်မှာ ဒေါ်လာ ၇.၂၁ ဘီလျံအထိ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

Google Cloud ဝင်ငွေလည်း ၄၅% တိုးပြီး ဒေါ်လာ ၄.၉၉ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ Alphabet လုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ ရောင်းအားဟာ ဒေါ်လာ ၆၅.၁ ဘီလျံအထိ တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါဟာ Refinitiv ဈေးကွက်သုတေသနက ခန့်မှန်းထားတဲ့ ဝင်ငွေ ဒေါ်လာ ၆၃.၃ ဘီလျံ ပမာဏကို ကျော်လွန်ခဲ့ပါတယ်။ သုံးလပတ်အမြတ်အစွန်းအနေနဲ့ ဒေါ်လာ ၁၈.၉၃၆ ဘီလျံ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 


(၂) Microsoft 


Photo: Stock Markets


ဈေးကွက်ခန့်မှန်းသူတွေရဲ့ သုံးသပ်ချက်ကို ကျော်ပြီး ဝင်ငွေတိုးတက်ခဲ့တဲ့နောက် Microsoft ရှယ်ယာဈေး ၂% တက်လာခဲ့ပါတယ်။ Refinitiv က Microsoft သုံးလပတ်ဝင်ငွေကို ဒေါ်လာ ၄၃.၉၇ ဘီလျံလို့ ခန့်မှန်းခဲ့ပြီး တကယ်တမ်း ဝင်ငွေပမာဏဟာ ဒေါ်လာ ၄၅.၃၂ ဘီလျံအထိ ရှိလာတာ ဖြစ်ပါတယ်။ နှစ်အလိုက် ဝင်ငွေပိုင်းမှာ ကုမ္ပဏီဟာ ၂၂% နီးပါး မြင့်တက်လာခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

၂၀၁၈ နောက်ပိုင်း သုံးလပတ်ဝင်ငွေတိုးတက်မှု အမြင့်ဆုံးဖြစ်ပါတယ်။ အသားတင်ဝင်ငွေ ဒေါ်လာ ၂၀.၅ ဘီလျံ ရှိခဲ့ပြီး ၄၈% တိုးတက်လာတာလည်း ဖြစ်ပါတယ်။ Microsoft ရဲ့ Azure Public Cloud ၊ Enterprise Services ၊ GitHub ၊ SQL Server ၊ Systme Center ၊ Visual Studio နဲ့ Windows Server တို့ ပါတဲ့ Intelligent Cloud ပိုင်းက အရင်နှစ်ကထက် ဝင်ငွေ ၃၁% မြင့်တက်ပြီး ဒေါ်လာ ၁၆.၉၆ ဘီလျံအထိ ရှာပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 


(၃) Facebook 

Photo: pressboltnews


တနင်္လာနေ့က ထုတ်ပြန်တဲ့ Facebook ရဲ့ သုံးလပတ်ဝင်ငွေရလဒ်စစ်တမ်းမှာ ဇူလိုင်-စက်တင်ဘာ သုံးလအတွင်း ကြော်ငြာကနေ ဝင်ငွေ ဒေါ်လာ ၂၉ ဘီလျံအထိ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၅% မြင့်တက်ခဲ့တာ ဖြစ်ပြီး အမြတ်အစွန်းအနေနဲ့လည်း အရင်နှစ်ကထက် ၁၇% ကျော် မြင့်တက်ပြီး ဒေါ်လာ ၉.၂ ဘီလျံနီးပါး ရရှိခဲ့တာပါ။ 

လူမှုကွန်ရက်ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ဟာ နေ့စဉ်သုံးစွဲသူ သန်း ၁၉၀၀ ကျော် ရှိထားပြီး ပြီးခဲ့တဲ့ သုံးလပတ်မှာ လစဉ်ပုံမှန်အသုံးပြုသူ ၂.၉ ဘီလျံအထိ ရှိတယ်လို့လည်း ဆိုပါတယ်။ Facebook ဟာ ဒီနှစ်ထဲမှာ Metaverse တစ်ခု တည်ထောင်ဖို့ Facebook Reality Lab မှာ ဒေါ်လာ ၁၀ သန်း အနည်းဆုံး ရင်းနှီးမြှပ်နှံသွားမယ်လို့လည်း ကြေညာထားပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုကို ၂၀၂၁ မှာ ရတဲ့ အမြတ်ထဲကနေ နှုတ်သွားမယ်လို့လည်း ဆိုပါတယ်။ 


(၄) Twitter

Photo: Los Angeles Times


တတိယသုံးလပတ်မှာ Twitter ရဲ့ ဝင်ငွေဟာ ၃၇% တိုးပြီး ဒေါ်လာ ၁.၂၈၄ ဘီလျံအထိ ရောက်လာခဲ့ပါတယ်။ iOS 14 မှာ ပါတဲ့ Apple ရဲ့ privacy အပြောင်းအလဲက မှန်းထားတာထက် အထိအခိုက်နည်းခဲ့တယ်လို့လည်း Twitter က ပြောပါတယ်။ Twitter ရဲ့ သုံးလပတ်ဝင်ငွေ အစီရင်ခံစာ ထွက်လာပြီးတဲ့နောက် ကုမ္ပဏီရဲ့ ရှယ်ယာဈေးလည်း ၄% အထိ တက်သွားပါတယ်။ 

သုံးစွဲသူဦးရေ နဲ့ ပလက်ဖောင်းပေါ် သုံးစွဲသူတွေ ဘယ်လောက်တုံ့ပြန်ကြသလဲဆိုတဲ့ အပေါ် ရင်းနှီးမြှပ်နှံသူတွေကို လိမ်လည်ခဲ့တယ်ဆိုပြီး တရားစွဲခံရတဲ့အမှုကြောင့် ဒေါ်လာ ၈၀၉.၅ သန်း လျော်ခဲ့ရတာကြောင့် ဒီတစ်ခေါက် အမြတ်မရတဲ့အပြင် ဒေါ်လာ ၅၃၇ သန်း အရှုံးပြသွားတယ်လို့ ဆိုပါတယ်။ နှစ်အလိုက် ဝင်ငွေတိုးတာ ၊ လုပ်ငန်းသစ်တွေ ဝယ်ထားပြီး အဲ့ဒီကနေ ဝင်ငွေရလာမှာတွေကြောင့် လာမယ့် စတုတ္ထလေးလပတ်မှာ ဒေါ်လာ ၁.၅ ဘီလျံကနေ ၁.၆ ဘီလျံအထိ တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 

လက်ရှိ Twitter သုံးစွဲသူ ဦးရေဟာ အရင်နှစ်ကထက် ၁၃% တိုးလာပါတယ်။ Twitter ရဲ့ ငွေဖော်နိုင်မယ့် နေ့စဉ် User Base ကလည်း ပြီးခဲ့တဲ့ဒုတိယသုံးလပတ်ကထက် ၅ သန်း ပိုများလာပြီး ၂၁၁ သန်းအထိ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတစ်ပတ်ထဲမှာ ထူးခြားတာက SpaceX အာကာသယာဉ်သူဌေး အီလွန်မတ်စ် ထောင်ထားတဲ့ Tesla ကားကုမ္ပဏီဟာ Hertz ကားအငှားဝန်ဆောင်မှုကို ကားအစီးရေ ၁ သိန်း ရောင်းချနိုင်ခဲ့ပြီးနောက် ဈေးကွက်တန်ဖိုး ဒေါ်လာထရီလီယံတန်တဲ့လုပ်ငန်း ဖြစ်လာခဲ့သလို အီလွန်မတ်စ်လည်း တစ်ရက်တည်း ဒေါ်လာ ၃၆ ဘီလျံကျော် ချမ်းသာပြီး အသားတင် ၂၈၉ ဘီလျံချမ်းသာသူ ဖြစ်လာတယ်ဆိုတာပါပဲ။ 

Apple ကတော့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ကုမ္ပဏီရဲ့ ၂၀၂၁ Q4 ဝင်ငွေရှင်းတမ်း ကြေညာသွားဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က