တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ဖို့ အရမ်းနီးစပ်နေပါပြီ။

ချယ်လ်ဆီးအသင်းကွင်းလယ်လူ ကန်တေဟာ တံကောက်ကြောဒဏ်ရာရရှိထားပြီး မြန်မြန်ဆန်ဆန်သက်သာလာဖို့ နှောင့်နှေးနေကာ ကြံ့ခိုင်မှုပြည့်၀ဖို့လည်း မလွယ်ကူတာကြောင့် လာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်လိမ့်မယ်လို့ ပြင်သစ်နာမည်ကြီးသတင်းစာ L'Equipe က ဖော်ပြခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကန်တေဟာ ဒီရာသီမှာလည်း ဒဏ်ရာပြသနာတွေကြောင့် အနားယူနေရသူဖြစ်ပါတယ်။ 

ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ၂ပွဲတည်းသာ ကန်တေက ကစားပေးထားရပြီး ကျန်ပွဲအားလုံးကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ ကန်တေဟာ ဒူးဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာပြသနာတွေကို ရင်ဆိုင်နေခဲ့ရပြီး အမြန်ဆုံးပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ထားပေမယ့်လည်း ကာလရှည်အနားယူနေခဲ့ရကာ ဒီရာသီမှာ ၁၆ ပွဲအထိ လွဲချော်ထားပြီးဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်နဲ့အတူ သူ့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ကန်တေက ဝင်ရောက်ကစားခဲ့ပြီး ဆုဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့ပြီး အားလုံးရဲ့ ချီးကျူးမှုတွေကိုလည်း ကန်တေက ရရှိခဲ့သူဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲက တဦးဖြစ်တဲ့ ကန်တေဟာ ဒီရာသီမှာတော့ ကံဆိုးစွာနဲ့ပဲ အနားယူနေရခဲ့ရပါတယ်။ 

ပြင်သစ်နည်းပြဒက်ချမ့်စ်အတွက်တော့ ဒီသတင်းက သတင်းဆိုးဖြစ်လာခဲ့ပါတယ်။ အခြားကွင်းလယ်လူပေါ့ဂ်ဘာကလည်း ဒဏ်ရာကြောင့် လက်ရှိမှာ အနားယူနေရပြီး ကမ္ဘာ့ဖလားအမီ ကြံ့ခိုင်မှုပြည့်၀ပါ့မလားလို့ စိုးရိမ်နေရပါတယ်။ ကန်တေနဲ့ ပေါ့ဂ်ဘာတို့မပါဝင်နိုင်ချိန်မှာ ပြင်သစ်ရဲ့ နေးရှင်းလိဂ်ရလဒ်တွေကလည်း ဆိုးရွားနေခဲ့ပြီး ဒါက ကမ္ဘာ့ဖလားလက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့လည်း မလွယ်ကူတဲ့အနေအထားမှာဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က