လီဗာပူးလ်နဲ့ ဘာကာကစားသမားဟောင်း ကော်တင်ဟိုကတော့ ကာတာမှာ မှော်တွေ အောင်နေပါပြီ။ ဥရောပမှာ ဆက်ကစားဖို့အတွက် အဆင်မပြေဖြစ်ခဲ့တဲ့နောက်မှာ သူက ကာတာကလပ် အယ်လ်ဒူဟာကို တရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ကာတာမှာ သူ့ရဲ့ ကစားသမားဘ၀ကို ပြန်လည်စတင်ပြီးတော့ အဆင်ပြေမယ်ဆိုရင် ဆက်လက်ကစားမယ့် သဘောမှာရှိပါတယ်။
ကော်တင်ဟိုဟာ မနေ့က ကစားခဲ့တဲ့ အယ်လ်မာခီယာနဲ့ပွဲမှာ လှပတဲ့ အလွတ်တည်ကန်ချက်နဲ့ သွင်းဂိုးတဂိုးရယူနိုင်ခဲ့တာပါ။ ကာတာမှာ သူ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးဖြစ်ပြီး ကော်တင်ဟိုရဲ့ဟန်၊ ကော်တင်ဟိုရဲ့ စတိုင်လ်အတိုင်း သွင်းယူနိုင်ခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်။
တပွဲလုံးမှာလည်း သူက ခြေစွမ်းပြကစားခဲ့ပြီး ဘောလုံးရချိန်တိုင်းမှာ သူ့ရဲ့ ကောင်းမွန်လှပပြီး တိကျတဲ့ ပေးပို့မှုတွေ၊ တဦးချင်းစွမ်းဆောင်ရည်နဲ့ ပြိုင်ဘက်ကို လှည့်ထွက်တာ၊ ကျော်ပြေးတာတွေကို လုပ်ပြနိုင်ခဲ့ပြီး ကော်တင်ဟိုရဲ့ မူလပုံစံကို မြင်တွေ့ခဲ့ရတဲ့ ပွဲလို့ ပြောနိုင်ခဲ့ပါတယ်။
ကော်တင်ဟိုကြောင့်ပဲ အယ်လ်ဒူဟာတို့ ပင်နယ်တီပါ ရရှိခဲ့ပြီး အကျိုးရှိခဲ့ပါတယ်။ သူ့ရဲ့ အလွတ်တည်ကန်ချက်နဲ့ သွင်းဂိုးကလည်း အသင်းအတွက် အနိုင်ဂိုးဖြစ်ခဲ့တာပါ။ လက်ရှိမှာ သူ့ရဲ့ အသင်းက ၅ပွဲကစားပြီး ၃ပွဲနိုင်၊ ၁ပွဲရှုံး၊ ၁ပွဲသရေကျထားကာ အဆင့် ၃ နေရာရပ်တည်နေပြီး အဆင့် ၁ က အယ်လ်ဆတ်ဒ်နဲ့ ၃ မှတ်သာ ကွာဟနေပါတယ်။