ဂျိမ်းစ်တစ်ယောက် အကြီးအကျယ် ပွဲကြမ်းခဲ့တာပါ။

အဲဗာတန်ကနေ ကာတာကလပ် အယ်လ်ရေယန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့အပတ်က အယ်လ်ဆေရာကို ၄-၂ ဂိုးနဲ့နိုင်တဲ့ပွဲမှာ အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ကွင်းလယ်ဒိုင်နဲ့ ပြဿနာတက်ပြီး အထုတ်ခံခဲ့ရပါတယ်။



မနေ့က ကစားခဲ့တဲ့ အယ်လ်အာရာဘီနဲ့အယ်လ်ရေယန်တို့ပွဲမှာ အယ်လ်အာရာဘီက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲပြီးဆုံးဖို့ နာကျင်အချိန်ပိုထဲ ရောက်ရှိချိန်မှာ အခုလိုပဲ ဂျိမ်းစ်တစ်ယောက် အကြီးအကျယ် ပြဿနာရှာခဲ့တာပါ။ ပြဿနာအစကတော့ ဂျိမ်းစ်အနေနဲ့ ပြိုင်ဘက် ကစားသမားရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းကိုခံခဲ့ရပေမယ့် ဂျိမ်းစ်ကိုပါ ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

ဒီလိုမျိုး ဂျိမ်းစ်ကို အဝါကတ်မပြခင်မှာ ဂျိမ်းစ်အပေါ်ဖျက်ထုတ်မှုကြောင့် နှစ်ဖက်ကစားသမားတွေအကြား ထိတွေ့မှုတွေဖြစ်ပွားခဲ့သေးတာပါ။ ဒါပေမယ့် ပြစ်ဒဏ်ကျူးလွန်ခံရတဲ့ ဂျိမ်းစ်ပါ အငြင်းပွားဖွယ် အဝါကတ်ပြခံရတာဖြစ်ပြီး ဒီအပေါ်မှာ ဂျိမ်းစ်တစ်ယောက် အကြီးအကျယ် ပေါက်ကွဲခဲ့ပါတယ်။ ဂျိမ်းစ်အနေနဲ့ ကွင်းလယ်ဒိုင်ကို ရန်ပြုဖို့ ကြိုးစားခဲ့ပြီး အသင်းဖော်တွေက ဝိုင်းဆွဲခဲ့ရပါတယ်။

ဒီလိုမျိုးဆွဲထားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အကြီးအကျယ်ပေါက်ကွဲနေတဲ့ ဂျိမ်းစ်ကို နောက်တစ်ဝါထပ်ပြခဲ့ပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာပါတယ်။ အနီကတ်ထိချိန်မှာလည်း ဂျိမ်းစ်က ကွင်းလယ်ဒိုင်ကို လက်ခုပ်တီးလှောင်ပြောင်ခဲ့ပြီး ကွင်းထဲမှာတင် သူဝတ်ဆင်ထားတဲ့ ဂျာစီကို ချွတ်ကာ ကွင်းပြင်ကို ထွက်ခွာသွားခဲ့ပါတယ်။

ဂျိမ်းစ်အနေနဲ့ ဒီပွဲက သူ့ရဲ့အပြုအမူတွေကြောင့်လည်း ကာတာလိဂ်မှာ ကာလရှည် ပွဲပယ်ခံရနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂျိမ်းစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ အသင်းဟောင်းအဲဗာတန်မှာလည်း နည်းပြ ဘင်နီတက်ဇ်နဲ့ ပြဿနာဖြစ်ပွားခဲ့သေးတာပါ။

ပြီးခဲ့တဲ့အပတ်မှာ အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဂျိမ်းစ်တစ်ယောက် ပြဿနာအကြီးအကျယ်ဖြစ်ပွားကာ အနီကတ်ထိခဲ့ပြီး ကာလရှည်ပွဲပယ်ပြစ်ဒဏ်တွေနဲ့ပါ ရင်ဆိုင်ရဦးမလား စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က