(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် ကာတာမှာ ပြိုင်ပွဲကျင်းပဖို့ (၁၀) ရက်ဝန်းကျင်သာ လိုတော့ချိန်အထိ အဆင်သင့်မဖြစ်သေးကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ကာတာနိုင်ငံမှာ လူသွားလမ်းတွေ၊ ပရိသတ်တွေအတွက် သီးသန့်ဧရိယာတွေကို ဖန်တီးတည်ဆောက်တဲ့နေရာမှာ နှောင့်နှေးမှုတွေရှိနေကြောင်း နောက်ဆုံးရသတင်းတွေက ဖော်ပြခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ဆောက်လုပ်ရေးအလုပ်သမားတွေဟာ အဆိုပါ စီမံကိန်းတွေ အချိန်မီပြီးစီးဖို့အတွက် နေ့နေ့ညည အလုပ်လုပ်နေရတယ်လို့ သိရှိရပါတယ်။ ဖီဖာဥက္ကဌဟောင်း ဆပ်ဘလတ္တာက ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးလိုက်တာက မှားယွင်းကြောင်း ဝန်ခံပြီး မကြာခင်မှာတင် အခုလိုမျိုး သတင်းတွေ ဆက်လက် ထွက်ပေါ်လာခဲ့တာပါ။
အထူးသဖြင့် အင်္ဂလန်လက်ရွေးစင်အသင်း တည်းခိုမယ့်နေရာအတွက် တည်ဆောက်ရေးလုပ်ငန်းတွေက ပြိုင်ပွဲမကျင်းပခင် တလအလိုအထိ မပြီးစီးနိုင်သေးတာကိုလည်း သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။ အဆိုပါသတင်းဖော်ပြချက်တွေထဲမှာ ရွှေ့ပြောင်းလုပ်သားတွေဟာ အပူချိန် (၃၅) ဒီဂရီအထိရှိနေတဲ့အချိန်မှာ အင်္ဂလန်လက်ရွေးစင်ကစားသမားတွေ အသုံးပြုမယ့် ရေကူးကန်ကို တည်ဆောက်ပေးနေရတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
လက်ရှိအခိုက်အတန့်မှာလည်း အလုပ်သမားတွေဟာ ရှည်လျားတဲ့အလုပ်ချိန်တွေနဲ့ ရင်ဆိုင်နေရပြီး မြို့တော် ဒိုဟာမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကမ္ဘာ့ဖလားအတွက် အခြေခံအဆောက်အအုံတွေကို အချိန်ကိုက်ပြီးစီးနိုင်ဖို့ လုံးပမ်းနေရပါတယ်။ အလုပ်သမားတွေဟာ မနက်နေမထွက်ခင် အစောပိုင်းတည်းက လုပ်ငန်းခွင်ဝင်ရောက်နေရပြီး ညမိုးချုပ်မှသာ လုပ်ငန်းတွေကို အပြီးအစီးဆောင်ရွက်နေရတယ်လို့ သတင်းတွေက ဆိုပါတယ်။
ကာတာဝန်ကြီးချုပ် အယ်လ်သာနီအပါအဝင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေကတော့ ကာတာနိုင်ငံအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့ လက်မှတ်ရာခိုင်နှုန်းအားလုံးနီးပါး ရောင်းချပြီးဖြစ်ကြောင်း ပြောဆိုထားပေမယ့် နောက်ကွယ်မှာတော့ အခုလိုမျိုး နှောင့်နှေးကြန့်ကြာမှုတွေရှိနေဆဲဖြစ်ပါတယ်။