လျှပ်စစ်ကားပိုင်းကို အာရုံစိုက်လာတဲ့ Xiaomi တည်ထောင်သူဟာ မကြာသေးမီကပဲ FAW Group ကို သွားရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။
Xiaomi တည်ထောင်သူ လေဂျန်ဟာ တရုတ်ကားကုမ္ပဏီ FAW Group ရုံးချုပ်ကို သွားလည်ခဲ့တာ ဖြစ်ပြီး ဒီအလည်အပတ်ခရီးဟာ Xiaomi ရဲ့ ပထမဆုံးကားထုတ်ဖို့ မိတ်ဖက်ကားထုတ်လုပ်ရေးအနေနဲ့ ညှိနှိုင်းတဲ့ ခရီးလည်း ဖြစ်ဖို့ ရှိပါတယ်။ Pandaily က သတင်းအရင်းအမြစ်တွေအရ Xiaomi CEO ဟာ တရုတ်အရှေ့မြောက်ပိုင်း ဂျီလင်ခရိုင်မှာ ရှိတဲ့ FAW Group နဲ့ ကားဖက်စပ်ထုတ်ရေး အလေးအနက်ဆွေးနွေးဖို့ သွားခဲ့တယ်လို့ ဆိုပါတယ်။
ဂျီလင်ကို သွားတဲ့ခရီးမှာ လေဂျန်ဟာ ကွန်မြူနစ်ပါတီ ဂျီလင်ခရိုင်ကော်မတီအတွင်းရေးမှူး ဂျင်ဂျန်ဟိုင် အပါအဝင် ခရိုင်ထိပ်တန်းအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ Xiaomi အနေနဲ့ တရုတ် FAW Group နဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိမယ်လို့ မျှော်လင့်ကြောင်းပါ ဂျင်ဂျန်ဟိုင်က ပြောပါတယ်။ Xiaomi CEO လေဂျန်ကလည်း ကုမ္ပဏီအနေနဲ့ အရည်အသွေးမြင့် မော်တော်ယာဉ်ထုတ်ကုန်တွေ ဖန်တီးဖို့နဲ့ ကားထုတ်လုပ်ရေးအုတ်မြစ် ခိုင်မာအားကောင်းဖို့ ဂျီလင်ကားထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ခိုင်မာတဲ့လက်တွဲမှုမျိုး လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
Photo: Gizmochina
သတင်းတွေအရ Xiaomi ဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး Xiaomi Car သစ်ကို ဖြန့်ချိဖို့ စီစဉ်ထားပြီး ၂၀၂၄ အပြီးမှာ သုံးနှစ်ဆက်တိုက် နှစ်စဉ် ကားသစ်တစ်မျိုးစီ ထုတ်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။ Sina News သတင်းအရ သုံးနှစ်အတွင်း ကားအစီးရေ ၉၀၀၀၀၀ အထိ ရောင်းချနိုင်အောင် စီမံနေတာလို့ သိရပါတယ်။ စက်တင်ဘာလဆန်းကပဲ Xiaomi ရဲ့ လျှပ်စစ်ကား (EV) unit ဖြစ်တဲ့ Xiaomi EV အတွက် တရားဝင် လုပ်ငန်းမှတ်ပုံတင်မှု ပြီးစီးခဲ့ပြီးနောက် ကားထုတ်လုပ်ရေးဘက်ကို စတင် ခြေဦးလှည့်လာနေတာပါ။
စမတ်ဖုန်းကုမ္ပဏီအဖြစ်ကနေ လျှပ်စစ်ယာဉ် EV ကဏ္ဍကို ဝင်မယ်လို့ မတ်လထဲမှာ ကြေညာခဲ့ပြီး ဒီလုပ်ငန်းအတွက် Xiaomi ဟာ နောက် ၁၀ နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှပ်နှံသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ လထဲမှာ Xiaomi ဟာ အလိုအလျောက် မောင်းနှင်မှုဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ DeepMotion ကို ဒေါ်လာ ၇၇ သန်းကျော်နဲ့ ဝယ်ယူခဲ့ပြီး ယာဉ်နည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးမှုပိုင်းကို ပိုအားစိုက်လာနေပါတယ်။ ဩဂုတ်လဆန်းပိုင်းမှာပဲ Xiaomi ဟာ Evergrande Group ကားကုမ္ပဏီဆီက ရှယ်ယာဝယ်ဖို့ စကားကမ်းလှမ်းမှုတွေ လုပ်ထားတယ်လို့ သတင်းထွက်နေပါတယ်။
Photo: Gizmochina
McKinsey အတိုင်ပင်ခံလုပ်ငန်းရဲ့ ခန့်မှန်းချက်အရ တရုတ်နိုင်ငံအတွင်း လျှပ်စစ်ကား EV ယာဉ်ရောင်းချမှုဟာ လာမယ့် ၂၀၃၀ မှာ ၉ သန်းခန့် ရှိလာနိုင်ပြီး နှစ်စဉ် နှစ်အလိုက် ဖွံ့ဖြိုးမှု ၂၄% အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ Xiaomi EV ကို ဘေဂျင်းမှာ မှတ်ပုံတင်ထားပြီး ငွေရင်း ယွမ် ၁၀ ဘီလျံ (ဒေါ်လာ ၁.၅၅ ဘီလျံ) နဲ့လုပ်ငန်း ဖွင့်ထားတာပါ။ EV Unit အတွက် ဝန်ထမ်း ၃၀၀ အထိ ခေါ်ပြီး ဖြစ်သလို ဆက်ပြီးလည်း ခေါ်သွားဦးမယ်လို့ ဆိုပါတယ်။
နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ဒုတိယသုံးလပတ်အတွင်းမှာ Apple ကို ကျော်ပြီး ကမ္ဘာ့ဒုတိယ အရောင်းရဆုံး စမတ်ဖုန်း Brand တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။