မြောက်ပြန်လေနဲ့အတူ ဆောင်းရာသီဝင်ရောက်လာပြီး မြန်မာနိုင်ငံရဲ့ တစ်ချို့ဒေသတွေမှာ အအေးပိုလို့နေပါပြီ။ ပုံမှန်အချိန်တွေမှာတောင် ဆောင်းတွင်းဆိုရင် အအေးမိ၊နှာစေး၊ချောင်းဆိုး၊ဖျားနာတဲ့ဝေဒနာတွေနဲ့ စိတ်ဖိစီးမှု၊ အထီးကျန်မှုလို စိတ်ဝေဒနာတွေကို လူတော်တော်များများခံစားကြရတာပါ။ အခုလိုကပ်ဘေးကြီးနဲ့ရင်ဆိုင်နေရပြီး အားလုံးခက်ခဲနေကြတဲ့အချိန်မှာတော့ အဲဒီဝေဒနာတွေကိုနှစ်ဆလောက်တိုးပြီးခံစားရနိုင်ပါတယ်။ ဒါကြောင့် ကပ်ဘေးကာလ ဆောင်းရာသီမှာ စိတ်ရော၊လူပါကျန်းမာနေစေဖို့ ကျန်းမာရေးပညာရှင်တွေရဲ့ တန်ဖိုးရှိတဲ့အကြံပြုချက်အချို့ကို ဝေမျှပေးလိုက်ရပါတယ်။


(၁) ၁ နာရီစောအိပ်၊ ၁ နာရီစောထ

အိပ်ချိန်နောက်ကျတာဟာ ခန္ဓာကိုယ်ကို ရုပ်ပိုင်းရော၊စိတ်ပိုင်းပါအများကြီးထိခိုက်စေနိုင်ပြီး အနားမရသလိုခံစားချက်မျိုးကို အမြဲမပြတ်ခံစားရစေပါတယ်။ အိပ်ချိန်မလုံလောက်ခြင်းကြောင့် ခန္ဓာဇီဝဖြစ်စဉ်မှာအဆိပ်အတောက်တွေဖြစ်စေပြီး စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေနိုင်သလို ကိုယ်ခံအားကိုလည်းလျော့ကျစေနိုင်ပါတယ်။ ဒီရိုးရှင်းတဲ့အကြံပြုချက်ကို လိုက်နာလုပ်ဆောင်ကြည့်ရုံနဲ့ စိတ်ရော၊ကိုယ်ပါ ပုံမှန်ထက်တက်ကြွလန်းဆန်းလာတာကို လက်တွေ့ခံစားရမှာပါ။ အကောင်းဆုံးကတော့ ည ၁၀ နာရီထက်နောက်မကျဘဲ အိပ်ရာဝင်ပြီး မနက် ၆ နာရီလောက်အိပ်ရာကထတာပါပဲ။

Photo: Everyday Health


(၂) မဂ္ဂနီစီယမ် နဲ့ ဗီတာမင် ဒီ လုံလုံလောက်လောက်ဖြည့်တင်း

Photo: Honest to Goodness

မဂ္ဂနီစီယမ်နဲ့ ဗီတာမင် ဒီ ဓါတ်တွေဟာ ခန္ဓာကိုယ်ထဲကိုပြင်ပကဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်သလို ကိုယ်ခံစွမ်းအားကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး လူကိုတက်ကြွလန်းဆန်းစေနိုင် ပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်ဓါတ်ကြွယ်ဝတဲ့ ရွှေဖရုံသီးနဲ့ရွှေဖရုံသီးစေ့၊ မြေပဲ၊ထောပတ်သီး စတာတွေကို ပုံမှန်စားပေးဖို့လိုအပ်သလို ဗီတာမင်ဒီအတွက် မနက်ခင်းနေရောင်ခြည်အောက်မှာလမ်းလျှောက်တာ၊ လိမ္မော်ရည်၊ ငါးသေတ္တာနဲ့ အနီရောင်ရှိတဲ့အသား တို့လို အစား၊အသောက်တွေကို စားသုံးပေးသင့်ပါတယ်။


(၃) အသက်ရှုလေ့ကျင့်ခန်းမှန်မှန်လုပ်

Photo: Asian Fusion

အာနာပါန ဟာစိတ်ဝိဉာဏ်ပိုင်းအတွက်တင်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါအများကြီးအကျိုးပြုတယ်ဆိုတာကို ဒီနေ့ခေတ်မှာ အနောက်တိုင်းကပညာရှင်တွေပါလက်ခံထားတာအားလုံးအသိပါပဲ။ တရားထိုင်တယ်ပြောပြော၊ အသက်ရှုလေ့ကျင့်ခန်းလို့ပဲခေါ်ခေါ် နေ့စဉ် ၁၅ မိနစ်လောက် စိတ်တည်ငြိမ်အောင်ကြိုးစားပြီး ဝင်လေ၊ထွက်လေ ရှုမှတ်ပေးမယ်ဆိုရင် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ စိတ်ဖိစီးမှုတွေလျော့ကျပြီး လန်းဆန်းတက်ကြွခြင်းတို့လို အံ့အားသင့်လောက်စရာအကျိုးကျေးဇူးတွေကို ခံစားရမှာပါ။


(၄) အရက်ကို တစ်ပတ် ၃ ရက်ထက်ပိုမသောက်ပါနဲ့

Photo: stock.adobe


ကပ်ဘေးကာလစိတ်ဖိစီးမှုတွေ လျော့ကျစေဖို့ အရက်ကိုတစ်ခါတစ်ရံ တန်သင့်ရုံလောက်သောက်တာ ပြဿနာမရှိပေမဲ့ နေ့စဉ်ရက်ဆက်ဆိုသလို သောက်မိနေရင်တော့ ကောင်းကျိုးမရှိဘဲ ဆိုးကျိုးတွေချည်းပဲခံစားရလိမ့်မယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ဒါကြောင့် စိတ်ပျော်ရွှင်မှုအတွက်ပဲဖြစ်ဖြစ်၊ လူမှုရေးအရပဲဖြစ်ဖြစ် သောက်မိတယ်ဆိုရင် တစ်ပတ်ကို အလွန်ဆုံး ၃ ရက်ထက်ပိုမသောက်သင့်ပါဘူး။ တစ်ပတ်ကိုတစ်ရက်ပဲသောက်တယ်ဆိုပြီး အဲဒီတစ်ရက်မှာ အလွန်အကျွံသောက်မိတာမျိုးမဖြစ်အောင်လည်း ဂရုစိုက်ဖို့လိုပါတယ်။


(၅) ဆောင်းတွင်းဝေဒနာတွေအတွက် ကိုယ်လက်လေ့ကျင့်ခန်းဟာ သဘာဝဖြေဆေး

Photo: Eva Fitness

ဆောင်းပါးအစမှာပြောခဲ့တဲ့ ဆောင်းရာသီကာလ ခံစားရတတ်တဲ့ စိတ်ပိုင်း၊ရုပ်ပိုင်း ဝေဒနာတွေအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဟာ အစွမ်းထက်တဲ့သဘာဝဖြေဆေးတစ်လက်ပါ။ အေးပြီးခြောက်သွေ့လာတဲ့ရာသီဥတုကြောင့် ပုံမှန်ထက်ပိုပြီး လေးလံထိုင်းမှိုင်းလာတဲ့ခန္ဓာကိုယ်ဟာ ကိုယ်လက်လှုပ်ရှားမှုရှိဖို့ ပိုပြီးလိုအပ်ပါတယ်။ နေ့စဉ်ရေချိုးခါနီးတိုင်း ရိုးရှင်းတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းလေးတွေ ၁၅ မိနစ်လောက်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကပေါ့ပါးလန်းဆန်းပြီး ထူးထူးခြားခြား နေလို့ထိုင်လို့ကောင်းလာတာကို ခံစားမိလာမှာပါ။


(၆) ချစ်ခင်ရသူတွေနဲ့ ပုံမှန်ဆက်သွယ်

ဆောင်းရာသီဟာ အထီးကျန်မှုဝေဒနာကို အများဆုံးခံစားရတတ်တဲ့ရာသီပါ။ ဒီအထီးကျန်မှုဝေဒနာကို feel လို့ ကောင်းကောင်းနဲ့ လွှတ်ပေးထားမယ်ဆိုရင် စိတ်ဖိစီးမှုနဲ့ စိတ်ကျဝေဒနာတွေအပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊သူငယ်ချင်းတွေနဲ့ ပုံမှန်ဆက်သွယ်ဖြစ်နေဖို့ ဂရုစိုက်ပါ။ ခေတ်ကာလအခြေအနေအရ လူချင်းမတွေ့နိုင်ရင်တောင် ဖုန်းဆက်တာ၊ အွန်လိုင်းကနေ video call ပြောတာမျိုးလေးတွေ မှန်မှန် လုပ်ပေးပါ။ သူတို့ကစပြီးဆက်သွယ်လာမှာကိုစောင့်မနေပါနဲ့။ ကိုယ်ကပဲအရင်စပြီး ဆက်သွယ်လိုက်ပါ။

Ref: Forbes

Share

က္က