ဒေါ်လာ ၄၀၀ အကုန်အကျခံပြီး အရေပြားထဲ ချပ်စ်ထည့်ခဲ့တာပါ

မစ်ရှီဂန်နယ်သား ဘရန်ဒန် ဒါလာလီဟာ ကားသော့ပျောက်ရှာရတဲ့ ပြဿနာကို ရှင်းဖို့ အထိရောက်ဆုံးနည်းလမ်းတစ်ခု လုပ်ဆောင်ထားပါတယ်။

ကားသော့မေ့ကျန်ခဲ့တတ်တဲ့ ဒါလာလီဟာ သူ့လက်ထဲမှာ Tesla ကားသော့ဖွင့်နိုင်မယ့် Chip လေး ထည့်လိုက်ပြီး ဖြေရှင်းလိုက်တာပါ။ ဒီလာလီဟာ ပရော်ဖက်ရှင်နယ် အရေပြားဖောက်ပြီး အလှဆင်သူတစ်ဦးနဲ့ VivoKey Apex Chip ထည့်တဲ့ ဗွီဒီယိုတစ်ခုကို Twitter နဲ့ YouTube ပေါ် မျှဝေခဲ့ပါတယ်။ ဒီ Chip ဟာ ဇီဝစနစ်နဲ့ သဟဇာတဖြစ်တဲ့ အရာဝတ္ထုနဲ့ ဖုံးအုပ်ထားပြီး NFC (Near-Field Communication) နည်းပညာ သုံးထားလို့ ထိတွေ့မှုလုပ်စရာမလိုတဲ့ Contactless လုပ်ဆောင်ချက်နဲ့ လာပါတယ်။





အရေပြားထဲ ကားသော့ချပ်စ် ထည့်ဖို့ ဒေါ်လာ ၄၀၀ ကုန်ကျခဲ့ပါတယ်။ ဒီလာလေဟာ သူ့လက်ခုံကို Tesla ကားဖွင့်နိုင်တဲ့ သော့အဖြစ် အသုံးချခဲ့တာပါ။ ဒီလာဝဲလ်ဟာ အရင်ကလည်း အရေပြားထဲ Chip ထည့်တာတွေ လုပ်ခဲ့သူဖြစ်ပါတယ်။ သူ့ဘယ်ဘက်လက်ထဲမှာ သူ့ရဲ့ ဆက်သွယ်ရန် Contact အချက်အလက်နဲ့ ကျန်းမာရေးအချက်အလက်တွေပါတဲ့ Chip သေးသေးတစ်ခု ထည့်ထားပါတယ်။ ဒီ Chip က သူ့အိမ်သော့လည်း ဖြစ်ပါတယ်။ 

"အိုင်ဒီယာတစ်ခုလုံးက ကျွန်တော့်ဘယ်ဘက်လက်ထဲမှာ ကျွန်တော့် အိမ်သော့ရှိနေပြီး ညာဘက်လက်ထဲမှာ ကားသော့ရှိနေအောင်လို့ပါ" လို့ သူက Teslarati သတင်းကို ပြောပါတယ်။ 

ပရော်ဖက်ရှင်နယ် နည်းပညာသမားတစ်ဦးဖြစ်တဲ့ ဒီလာလီဟာ Chip ကို စမ်းသပ်အသုံးပြုတဲ့ လူ ၁၀၀ ပါ Beta Group အဖွဲ့ထဲမှာ ပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ VivoKey Apex ဟာ Java Card applets လို့ ခေါ်တဲ့ ဆော့ဖ်ဝဲလ်ပရိုဂရမ်အငယ်လေးတွေကို Run နိုင်တဲ့ NFC စနစ်သုံး ချပ်စ်တစ်ခုဖြစ်တယ်လို့လည်း VivoKey Apex ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

"ဒါကို ခန္ဓာကိုယ်ထဲ ထည့်ထားတာက Apps လေးတွေကို ကြိုးမဲ့ Install သွင်းနိုင်တဲ့ ကိုယ်ပိုင် App Store ထည့်လိုက်တာပါပဲ" လို့ ဒီလာလီက ဆိုပါတယ်။ "ခင်ဗျားလက်က ပျောက်သွားမှာ မဟုတ်လို့ ခင်ဗျားကားထဲလည်း အမြဲပဲ ဝင်ချင်သလို ဝင်လို့ရသွားပြီလေ"


ခန္ဓာကိုယ်ထဲကို Chip ထည့်တဲ့ နည်းပညာဟာ အနာဂါတ်လူသုံးကုန်နည်းပညာတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။ နှစ်ဆန်းပိုင်းကပဲ ဩစတြေးလျက မသန်စွမ်းသူတစ်ဦးဟာ Brain Chip အကူအညီနဲ့ အတွေးကတစ်ဆင့် Tweet တစ်ခု တင်နိုင်ခဲ့ပါတယ်။ ALS လို့ ခေါ်တဲ့ ဦးနှောက်နဲ့ ကျောရိုးမ အာရုံကြောဆဲလ် ချို့ယွင်းတဲ့ ဝေဒနာခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် ဖီးလစ်ပ် အိုကီးဖီဟာ Synchron ရဲ့ ဦးနှောက်-ကွန်ပျူတာကြားခံ ချပ်စ်တစ်မျိုး သုံးပြီး ပထမဆုံးအကြိမ် စိတ်နဲ့ Tweet တစ်ခု ရေးသားနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 



Tesla ကားကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်ပိုင် ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Neuralink ကလည်း လာမယ့်နှစ်ကစပြီး လူခေါင်းထဲမှာ Microchip တွေ ထည့်သွင်းမှု စတင်ဖို့ စီစဉ်နေပါတယ်။ Neuralink ထုတ် Microchip တွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ်မှတ်တမ်းတင်ပြီး လှုံ့ဆော်နှိုးဆွမှုတွေ လုပ်နိုင်အောင် လူ့ဦးနှောက်ထဲ ထည့်စိုက်ရမှာ ဖြစ်ပါတယ်။ 

မကြာသေးခင်ကလည်း ဗြိတိန်-ပိုလန်ကုမ္ပဏီတစ်ခုဟာ လူ့ကိုယ်ခန္ဓာအတွင်း Implant စိုက်နိုင်တဲ့ ဘဏ်ကတ်ချပ်စ်တစ်မျိုးကို ပထမဆုံးအကြိမ် စီးပွားဖြစ် ထုတ်လုပ်လုပ်ရောင်းချမှု စတင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က