အိုးထရက်ဖို့ဒ်ကွင်းထဲက မြက်ခင်းပြင်ပေါ် ကတ်တလန်သားတွေ ခြေလှမ်းဖို့ တော်တော်လေး သွေးပျက်ခြောက်ခြားစရာ ကောင်းလာတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ယနေ့ည အိုးထရက်ဖို့မှာ ကစားသွားမယ့် ဘာစီလိုနာနဲ့ ယူရိုပါလိဂ် play-off ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အသင်းကို အံ့အားသင့်ဖွယ် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က နူးကမ့်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ပုံစံကောင်း ပြသနိုင်ခဲ့တာဖြစ်ပြီး ပုံစံကောင်း ရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ကြောင့် အလွန်ဆိုရဲ့အဖွင့်ဂိုးအပြီး ၁၀ မိနစ်အတွင်း ၂ ဂိုးအထိ ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် ၇၆ မိနစ်မှာ ရာဖင်ညာက ဘာစီလိုနာအသင်းအတွက် အရေးကြီးတဲ့ ချေပဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့တာကြောင့်သာ ဇာဗီရဲ့အသင်းအနေနဲ့ အံ့အားသင့်ဖွယ် အိမ်ကွင်းရှုံးပွဲနဲ့ ရင်မဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဇာဗီက မန်ချက်စတာယူနိုက်တက်နဲ့ ယနေ့ည ယှဉ်ပြိုင်ကစားသွားမယ့်ပွဲစဉ်အတွက် ပွဲအစီအစဉ်နဲ့ ပုံမှန်ခြေစွမ်းရရှိနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ တိုက်စစ်စွမ်းရည်ကို မေးခွန်းထုတ်ခံခဲ့ရချိန်မှာ ပြီးခဲ့တဲ့အပတ်က နူးကမ့်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်အတွက် ချီးကျူးစကားသာ ပြောကြားခဲ့တာဖြစ်ပါတယ်။ "သူက ထူးခြားတဲ့ ကစားသမားပါ။ အရမ်းကောင်းမွန်တဲ့ခြေစွမ်းရှိနေပြီး ဂိုးတွေသွင်းယူနေပါတယ်။ သူက ယူနိုက်တက်အတွက် ကွဲပြားခြားနားမှုတွေကို ပြုလုပ်ပေးနေသူပါ။ ဒါပေမယ့် အဲဒါပါပဲ။ ကျွန်တော်တို့ ခံစစ်ပိုင်းမှာ လုပ်နေတာတွေကို လုပ်ဖို့ ကြိုးပမ်းပြီး ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသသွားမှာပါ။ ဒါပေမယ့် သူက ကျွန်တော်တို့ မျက်စိဒေါက်ထောက်ကြည့်နေဖို့ လိုအပ်တဲ့ကစားသမားပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ 



ပြိုင်ဘက်တွေအတွက် ပျော်ရွှင်စရာနေရာမဟုတ်တဲ့ အိုးထရက်ဖို့ဒ်ကို လာရောက်ရမယ့် ဇာဗီနဲ့ ဘာစီလိုနာအတွက် နောက်ထပ် စိုးရိမ်စရာတစ်ခုကလည်း ရှိနေပြီး အဲဒါကတော့ ၁၂ ယောက်မြောက်ကစားသမားလို့ တင်စားကြတဲ့ ပရိသတ်တွေဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဘာစီလိုနာနဲ့ ယနေ့ည ၈ နာရီ(မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၃၀ မိနစ်)မှာကစားရမယ့်ပွဲစဉ်မတိုင်ခင် အိုးထရက်ဖို့ဒ်ကွင်းထဲက ပတ်ဝန်းကျင်အငွေ့အသက်ကို စတင်တည်ဆောက်နိုင်ဖို့အတွက် ပွဲမကစားမီ ၁၅ မိနစ်အလိုမှာ ကွင်းအတွင်းက သီချင်းသံတွေအားလုံး ပိတ်ထားဖို့ တောင်းဆိုခဲ့တယ်လို့ Centredevils လို့ အမည်ရတဲ့ တွစ်တာစာမျက်နှာက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းသာ အမှန်တကယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ အင်တိုက်အားတိုက် အားပေးသံတွေ၊ ကြွေးကြော်သံတွေနဲ့ ကျွက်ကွက်ဆူနေတဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲက မြက်ခင်းပြင်ပေါ် ကတ်တလန်သားတွေ ခြေလှမ်းဖို့ တော်တော်လေး သွေးပျက်ခြောက်ခြားစရာ ကောင်းလာတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က