ကားတိုက်မှုဖြစ်ခါနီးမှာ သားဖြစ်သူ ထိခိုက်ဒဏ်ရာမရစေရန် ထွေးပိုက်ကာကွယ်ပေးခဲ့ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု (Uniated Arab Emirates - UAE) နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ ၁၉၉၁ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရပြီး ၂၇ နှစ်ကြာ ကိုမာဝင်ကာ မေ့မြောနေခဲ့ရာကနေ အံ့အားသင့်ဖွယ် သတိပြန်ရလာခဲ့ပါတယ်။

(၂၇ နှစ်ကြာ ကိုမာဝင် မေ့မြောနေရာမှ သတိပြန်ရလာသည့် မူနီရာ) (Photo: The National)

မူနီရာ အဗ္ဗဒူလာအမည်ရှိ အမျိုးသမီးဟာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့စဉ်က အသက် ၃၂ နှစ်အရွယ်ဖြစ်ပြီး သားဖြစ်သူကို ကျောင်းသွားကြိုနေစဉ် သူမ လိုက်ပါလာတဲ့ကားနဲ့ ဘတ်စ်ကားတစ်စီး တိုက်မိခဲ့ပြီး ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာရခဲ့ပါတယ်။ ကားတိုက်မှုဖြစ်ပွားစဉ် ထိုစဉ်က အသက်လေးနှစ်အရွယ် မူနီရာရဲ့ နောက်ထပ် သားတစ်ဦးဖြစ်သူ အိုမာဝီဘဲရာလည်း ကားပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။ မူနီရာနဲ့ အိုမာတို့ သားအမိက ကားနောက်ခန်းမှာ လိုက်ပါလာခဲ့ကြပြီး မူနီရာရဲ့ ခဲအိုဖြစ်သူက ကားမောင်းလာခဲ့တာ ဖြစ်ပါတယ်။

ကားတိုက်မှုဖြစ်ခါနီးလေးမှာပင် မူနီရာက သားဖြစ်သူအိုမာကို ထွေးပိုက်ထားလိုက်တာကြောင့် အိုမာဟာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပါဘူး။ အိုမာက နှစ်ပေါင်းကြာမြင့်စွာ ကုသမှုခံယူခဲ့ရတဲ့ မိခင်ဖြစ်သူ သတိပြန်ရလာခဲ့ပြီးနောက် ကားတိုက်မှုဖြစ်ရပ်ကို UAE အခြေစိုက် The National သတင်းစာနဲ့ တွေ့ဆုံရာမှာ ဖွင့်ဟပြောခဲ့ပါတယ်။

(Photo: Science Photo Library)

"ကျွန်တော် ဘယ်တော့မှ အမေ့ကို လက်မလျှော့ခဲ့ပါဘူး၊ တစ်နေ့နေ့မှာ အမေ ပြန်နိုးလာမယ်လို့ ကျွန်တော် အမြဲတမ်း ခံစားချက်တစ်ခု ရှိခဲ့ပါတယ်" လို့ အိုမာက တနင်္လာနေ့ (ဧပြီ ၂၂ ရက်) မှာ သတင်းစာကို ပြောခဲ့ပါတယ်။ "အမေ့အကြောင်းကို ကျွန်တော် ပြန်မျှဝေရတာက လူတွေအနေနဲ့ သူတို့ချစ်ခင်သူတွေအပေါ် ဘယ်တော့မှ မျှော်လင့်ချက်မစွန့်လွှတ်လိုက်ဖို့ ပြောချင်တာပါ၊ အခု ကျွန်တော့်အမေလို အခြေအနေမျိုး ဖြစ်နေခဲ့ရင် သေသွားပြီလို့ မယူဆကြပါနဲ့" လို့ အိုမာက ဖြည့်စွက်ပြောပါတယ်။

"ကားတိုက်မှုဖြစ်တုန်းက အမေက ကျွန်တော်နဲ့အတူ နောက်ခန်းမှာထိုင်နေခဲ့တာပါ၊ ကားချင်းတိုက်မိတော့မှာကို အမေက မြင်မိခဲ့ချိန်မှာ ကျွန်တော့်ကို မထိခိုက်မိအောင် ကာကွယ်ဖို့အတွက် ထွေးပိုက်ထားခဲ့တယ်လေ" လို့ အိုမာက ကားတိုက်မှုဖြစ်ရပ်ကို ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။ ထိုကားတိုက်မှုဖြစ်ရပ်အတွင်း အိုမာဟာ ဦးခေါင်းမှာ ပွန်းပဲ့ဒဏ်ရာမျှသာရခဲ့ပေမဲ့ မိခင်ဖြစ်သူ မူနီရာကတော့ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပါတယ်။

(၂၇ နှစ်ကြာ ကိုမာဝင် မေ့မြောနေရာမှ သတိပြန်ရလာသည့် မူနီရာ) (Photo: The National)

မူနီရာကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှတော့ လန်ဒန်မြို့ကို ရွှေ့ပြောင်းကုသခဲ့ပါတယ်။ လန်ဒန်မှာ ကုသနေစဉ် မူနီရာဟာ တုံ့ပြန်နိုင်စွမ်းမရှိခဲ့ပေမဲ့ နာကျင်မှုကို ခံစားနိုင်တယ်လို့ The National သတင်းစာက ပြောပါတယ်။ ထို့နောက် မူနီရာဟာ အိုမန်နိုင်ငံနဲ့ နယ်စပ်ဒေသရှိ သူမ နေထိုင်ခဲ့ရာ UAE နိုင်ငံ Al Ain မြို့ကို ပြန်ရောက်လာခဲ့ပြီး ကျန်းမာရေးအာမခံ လိုအပ်ချက်တွေအရ ဆေးရုံတစ်ခုပြီးတစ်ခုမှာ ရွှေ့ပြောင်းကုသခဲ့ရပါတယ်။

ထို့နောက် ၂၀၁၇ ခုနှစ်မှာတော့ မူနီရာရဲ့သတင်းကို အဘူဒါဘီ အိမ်ရှေ့မင်းသား Sheik Mohamed Bin Zayed Al Nahyan ဦးဆောင်တဲ့ Crown Prince Court အစိုးရအဖွဲ့အစည်းက ကြားသိခဲ့ပြီးနောက် ၎င်းတို့မိသားစုအား ဆေးကုသစရိတ် ပေးအပ်ခဲ့ပြီး ဂျာမနီနိုင်ငံမှာ ကုသနိုင်ရန် စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ မူနီရာကို ဂျာမနီမှာ ခွဲစိတ်ကုသမှု အများအပြား ပြုလုပ်ခဲ့ရပါတယ်။

(အဘူဒါဘီ အိမ်ရှေ့မင်းသား Sheik Mohamed Bin Zayed Al Nahyan) (Photo: Reuters)

ထိုသို့ ကုသနေစဉ်အတွင်း မိခင်ဖြစ်သူ မူနီရာထံမှ ထူးဆန်းတဲ့ အသံတွေ ထွက်လာခဲ့ရာ အိုမာက ဆရာဝန်တွေကို စစ်ဆေးပေးရန် ပြောဆိုခဲ့ပါတယ်။ ဆရာဝန်တွေကတော့ အခြေအနေအားလုံးဟာ ပုံမှန်ဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။ ထို့နောက် သုံးရက်အကြာမှာတော့ အိုမာ အိပ်ပျော်နေစဉ် ၎င်းရဲ့အမည်ခေါ်သံကြားပြီး နိုးသွားခဲ့တယ်လို့ ဆိုပါတယ်။

"အမေလေ၊ အမေက ကျွန်တော့်နာမည်ခေါ်နေခဲ့တာ၊ ကျွန်တော် ပျော်လွန်းလို့ လေထဲမြောက်နေသလိုပါပဲ၊ ဒီအချိန် ဒီအခိုက်အတန့်ကို ကျွန်တော် နှစ်တွေအကြာကြီး အိပ်မက်မက်ခဲ့ရတာပါ၊ အမေ ပထမဆုံး စကားပြန်ပြောတာက ကျွန်တော့်နာမည်ပါပဲ" လို့ အိုမာက စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့ပါတယ်။

အိုမာရဲ့မိခင် မူနီရာဟာ ယခင်ကထက် ပိုမိုတုံ့ပြန်လာနိုင်ပြီး နာကျင်မှုကိုလည်း ကောင်းစွာခံစားနိုင်ပြီဖြစ်ကာ စကားအနည်းငယ် ပြောနိုင်နေပြီလို့ သိရပါတယ်။ လက်ရှိမှာ မူနီရာကို အဘူဒါဘီမြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး ပြန်လည်ထူထောင်ရေး ကုသမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

Share

Loading Next Article...
က္က