ဂျရတ်ရဲ့ အသင်းဖော်ဟောင်းကြီးဖြစ်ပါတယ်။

ကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့တဲ့ စတီဗင်ဂျရတ်အနေနဲ့ နောက်ထပ်ခေါ်ယူမှုအဖြစ် လီဗာပူးလ်အသင်းဖော်ဟောင်းဖြစ်တဲ့ လူး၀စ္စဆွာရက်ဇ်ကို ပစ်မှတ်ထားသင့်တယ်လို့ ဗီလာရဲ့ နာမည်ကျော်ကစားသမားဟောင်း အဘွန်လဟော်က ပြောဆိုလိုက်ပါတယ်။ ဂျရတ်ဟာ လီဗာပူးလ်အသင်းဖော်ဟောင်းကော်တင်ဟိုကို ၆ လ အငှားနဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဒါက နောက်ထပ်နာမည်ကျော်ကစားသမားတွေ ခေါ်ယူဖို့ အခွင့်အလမ်းလို့လည်း အဘွန်လဟော်က ဆိုပါတယ်။ 

ဗီလာကို သူ့လက်ထက်မှာ ရလဒ်ကောင်းတွေရရှိအောင် ဂျရတ်က စွမ်းဆောင်ပေးနိုင်ပေမယ့် အသင်းကြီးတွေနဲ့ ရင်ဆိုင်ရာမှာ ရလဒ်တွေဆိုးရွားခဲ့ပါတယ်။ လက်ကျန်ပရီးမီးယားလိဂ်ရာသီမှာ ဗီလာကို အခုထက်ပိုမိုကောင်းမွန်တဲ့ အဆင့်တခုကို ရောက်ရှိလာဖို့ ဂျရတ်က ရည်ရွယ်ထားပြီး နာမည်ကျော်ကစားသမားတွေကို ပစ်မှတ်ထားနေခဲ့ရာမှာ ကော်တင်ဟိုနဲ့ ဒစ်ဂ်နီတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။

အဘွန်လဟော်က "ကော်တင်ဟိုကို ရရှိလိုက်တာက ဒီစျေးကွက်မှာ ကစားသမားတွေကို ပိုပြီးဆွဲဆောင်လာနိုင်စေမှာပါ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်ကတော့ ဂျရတ်ရဲ့ နောက်ထပ်ပစ်မှတ်က ဆွာရက်ဇ်လို့ ပြေးမြင်မိပါတယ်၊ ခက်ခဲမယ်ဆိုတာကို သိပေမယ့် စတီဗင်ဂျရတ်က တခြားလူမှမဟုတ်တာပဲဗှာ၊ သူက အင်္ဂလန်နဲ့ လီဗာပူးလ်ရဲ့ အမြဲတမ်းအကောင်းဆုံးကစားသမားတွေထဲက တဦးလေ"

"ဆွာရက်ဇ်နဲ့ ဆက်ဆံရေးကလည်း ကော်တင်ဟိုလိုပဲ အံ့အားသင့်ဖွယ်ရာတွေပါ၊ ဆွာရက်ဇ်အတွက် နောက်ထပ်ကြိုးပမ်းပါ၊ ဗီလာပရိသတ်တွေအနေနဲ့တော့ မရပ်တန့်နိုင်သေးပါဘူး" လို့ talkSPORT ကတဆင့် ပြောဆိုခဲ့ပါတယ်။ ဂျရတ်ကိုယ်တိုင်ကလည်း ဆွာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး တဖက်မှာ အေတီကိုနဲ့ ကစားသမားကြား အခြေအနေတွေက အခွင့်အရေးဖြစ်လာဖို့ ရှိနေပါတယ်။ 

ဆွာရက်ဇ်က ဒီရာသီမှာ အက်သလက်တီကိုအတွက် ပြီးခဲ့တဲ့နှစ်ကလို ခြေစွမ်းမပြနိုင်ရှိနေပြီး အသင်းရလဒ်တွေအပေါ်လည်း စိတ်ပျက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ တကယ်တမ်းသာ ဂျရတ်ဘက်က ကမ်းလှမ်းခဲ့မယ်ဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်ချေရှိတယ်လို့လည်း ယူဆရပါတယ်။ 

Share

က္က