ကစားသမားဘ၀ပထမဆုံးဆုဖလားကို ရယူချင်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းမှာ အငှားနဲ့လာကစားနေတဲ့ တိုက်စစ်မှူးဝက်ဂျ်ဟော့စ်က သူ့ရဲ့ ကစားသမားဘ၀မှာ ပထမဆုံးဆုဖလားအဖြစ် ကာရာဘောင်ဖလားကို ရယူနိုင်အောင် ကြိုးစားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ နယ်သာလန်တိုက်စစ်မှူးကတော့ ဘက်ဆီးတပ်စ်ကနေ အငှားနဲ့လာကစားနေတာဖြစ်ပြိး တန်ဟက်ဂျ်က သူ့ကို ပွဲတိုင်းမှာ အသုံးပြုနေပြီး အသင်းကွင်းလယ်န​ဲ့ ခံစစ်ကိုပါ လိုက်ကူပေးနိုင်တဲ့ ကစားသမားအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။ 

ယူနိုက်တက်အတွက် ၁၁ ပွဲကစားပေးထားပြီး ၁ ဂိုးသာ သွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးကို တန်ဟက်ဂျ်က အသင်းကစားကွက်မှာ အရေးပါသူအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ နယ်သာလန်အတွက်လည်း ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲမှာ လူစားဝင်လာပြီး အာဂျင်တီးနားဘက်ကို အရေးပါတဲ့ ချေပဂိုးတွေ သွင်းယူပေးဖူးတဲ့ ဝက်ဂျ်ဟော့စ်က သူ ဂိုးလည်းသွင်းယူချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

"ကျနော် အောင်မြင်မှုရယူချင်သလို ဂိုးလည်းသွင်းယူချင်ပါတယ်၊ သေချာပါတယ်၊ ဂိုးသွင်းယူနိုင်ဖို့က အရေးကြီးပါတယ်၊ က​ျနော်လုပ်နိုင်တယ်လို့လည်း ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ ကျနော့်ကစားသမားဘ၀တလျှောက်လုံးမှာ ဂိုးတွေသွင်းနိုင်ခဲ့လို့ပါ၊ အခွင့်အရေးတွေ ဆက်ရမယ်လို့ ကျနော်မျှော်လင့်ထားပြီး အဲဒီနောက်မှာ ကျနော် အဆုံးသတ်သွားမှာပါ"

"ဘာပဲဖြစ်ဖြစ်ပါ အရေးကြီးဆုံးကတော့ ကျနော်ကစားရတဲ့ပွဲတွေမှာ အသင်းအတွက် အကျိုးရှိစေဖို့ပါပဲ၊ လက်ရျိမှာ ကျနော်တို့က ကောင်းမွန်တဲ့ အခိုက်အတန့်တခုကို ရောက်နေပြီး ဒါကို ထပ်လုပ်ဖို့လည်း မျှော်လင့်ထားပါတယ်၊ ကာရာဘောင်ဖလားပွဲက ပွဲကြီးပွဲကောင်းပါ၊ ဝင်ဘလေမှာ ဂိုးသွင်းနိုင်တာလောက် ကောင်းမွန်တဲ့ နေရာဆိုတာ မရှိပါဘူး"

"ယူနိုက်တက်က ဆုဖလားမရယူနိုင်တာ ၆ နှစ်ရှိပါပြီ၊ ကျနော့်ကစားသမားဘ၀မှာလည်း ဘယ်လိုဖလားကိုမှမရယူဖူးဘူး၊ ဒီနေ့ကတော့ ပထမဆုံးဖလားကို ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။ ဝက်ဂျ်ဟော့စ်ဟာ ယူနိုက်တက်မှာ ဂိုးသွင်းယူဖို့ထက် အသင်းကစားကွက်မှာ အဆင်ပြေအောင် ကစားပေးနေရတာဖြစ်ပြီး အပိုင်အခွင့်အရေးတချို့ ကို တချို့ပွဲတွေမှာ အသုံးမချနိုင်ခဲ့ပါဘူး။ 

Share

Loading Next Article...
က္က