ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ကစားသွားတဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ သူနဲ့ ဆာလာအကြား ပရိသတ်တွေ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတခုအကြောင်းကို ပြန်လည်ဖော်ထုတ်သွားခဲ့ပါတယ်။
ချဲလ်ဆီးနဲ့လီဗာပူးတို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ဒီဗိုလ်လုပွဲက ပွဲကောင်းတပွဲဖြစ်ခဲ့ပြီး သာမန်ပွဲကစားချိန် မိနစ် (၉၀) အပြင် အချိန်ပို မိနစ် (၃၀) ပြီးဆုံးတဲ့အထိ ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းခဲ့ပါတယ်။ ဒါ့အပြင် ပင်နယ်တီအဆုံးအဖြတ်မှာလည်း တဖက် (၁၁) ယောက်အထိ လူကုန်ကန်သွင်းခဲ့ရပါတယ်။
ချဲလ်ဆီးရဲ့ နောက်ဆုံးပင်နယ်တီကို ဂိုးသမားကီပါ လွဲချော်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ပြီးဆုံးချိန်မှာ လီဗာပူးက ချဲလ်ဆီးကို ၁၁-၁၀ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ရဲ့ ငါးလုံးမြောက် ပင်နယ်တီမှာ ဆာလာက လီဗာပူးအတွက် ကန်သွင်းခဲ့ပြီး ဂျော်ဂျင်ဟိုက ချဲလ်ဆီးအတွက် ကန်သွင်းခဲ့ပါတယ်။
အရင်ကန်ရတဲ့ ဆာလာက ဂိုးဝင်အောင် သွင်းပြီးတဲ့နောက် ကွင်းလယ်စည်းကို ပြန်သွားချိန်မှာ ဂျော်ဂျင်ဟိုက ချဲလ်ဆီးအတွက် ကန်သွင်းဖို့ လာရောက်ခဲ့ပါတယ်။ နှစ်ယောက်သား လမ်းတဝက်မှာ ထိပ်တိုက်တွေ့ချိန်အတွင်း ဆာလာက ဂျော်ဂျင်ဟိုကို တခုခုလှမ်းပြောပြီး အာရုံနောက်အောင် လုပ်ခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
ဆာလာ ဘာပြောခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ ပရိသတ်တွေက စိတ်ဝင်စားခဲ့ပြီး ဂျော်ဂျင်ဟိုကတော့ အီတလီစကိုင်းသတင်းဌာနရဲ့ ပို့စ်ကို သူ့ရဲ့ စတိုရီမှာပြန်လည်မျှဝေကာ “Non Saltare” လို့ ရေးသားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကတော့ “မခုန်နဲ့” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကန်သွင်းပုံက အခြားကစားသမားတွေနဲ့မတူဘဲ တချက်ခုန်ပြီးမှ ကန်သွင်းလေ့ရှိတာပါ။ အဲ့ဒီအပေါ်မှာ ဆာလာက စိတ်ဓာတ်စစ်ဆင်ရေးလုပ်သွားခဲ့တာဖြစ်ပေမယ့် ဂျော်ဂျင်ဟိုက သူ့ရဲ့ ပင်နယ်တီကို အမှားအယွင်းမရှိဘဲ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။