ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက သူ့အနေနဲ့ ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့အတွက် ကာရာဘောင်ဖလားကို ယူပြနေစရာ မလိုအပ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ပိုချက်တီနိုရဲ့ ချဲလ်ဆီးဟာ ဒီရာသီမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသဖို့ ရုန်းကန်နေရတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးတို့ ဥရောပဝင်ခွင့် မရရှိခဲ့တာကြောင့် ဒီရာသီမှာ ပြည်တွင်းပွဲတွေသာ အာရုံစိုက်ဖို့ လိုအပ်နေပါတယ်။ ချဲလ်ဆီးဟာ ဒီနေ့မှာတော့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဖြစ် နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
ဒီပွဲမတိုင်ခင် ပိုချက်တီနိုက “အောင်မြင်မှုတွေရဖို့အတွက် ခင်ဗျားက မှန်ကန်တဲ့အသင်း၊ မှန်ကန်တဲ့ အခိုက်အတန့်မှာ ရောက်နေဖို့ လိုအပ်ပါတယ်။ ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်ဖို့ ခင်ဗျား ဆုဖလားတွေ ယူပြနေစရာ မလိုအပ်ပါဘူး။ ထိပ်တန်းနည်းပြ အများအပြားက ချန်ပီယံဆုတွေကို မဆွတ်ခူးနိုင်သေးတာ၊ ဒါမှမဟုတ် မဆွတ်ခူးနိုင်ခဲ့တာ ဒါမှမဟုတ် ဆွတ်ခူးခဲ့ပြီးတာမျိုး ရှိမှာပါ”
“အရေးကြီးတာက ပရောဂျက်တစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာပြီး တိုးတက်မှုရှိ၊ မရှိ ဒါမှမဟုတ် လူတိုင်း မျှော်လင့်ထားသလိုမျိုး လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို ပြောနိုင်ရပါမယ်။ ဒါမျိုးက ကျွန်တော်တို့ထက်စာရင် အသင်းအတွက် ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ခွန်အားဖြစ်စေနိုင်လို့ပါ”
“ကျွန်တော်ကတော့ လက်ရှိပရောဂျက်အပေါ်မှာ အမှန်တကယ် ယုံကြည်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တည်ငြိမ်တဲ့ ခြေစွမ်းပြသဖို့ ရုန်းကန်နေရပြီး ပွဲတစ်ပွဲကို အနိုင်ကစားဖို့ ခက်ခဲနေလေ့ရှိတာကို မြင်တွေ့နေရပါတယ်။