နာမည်ကျော်ရုပ်သံတင်ဆက်သူတဦးဖြစ်တဲ့ ပီယာ့စ်မော်ဂန်ဟာ နယူးကာဆယ်ယူနိုက်တက်ကို အနိုင်ရရှိပြီး ကာရာဘောင်ဖလားဆွတ်ခူးခဲ့တဲ့နောက် အတူတူအောင်ပွဲခံကခုန်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်၊ တောင်ပံကစားသမားအန်တိုနီနဲ့ နောက်ခံလူမာတီနက်ဇ်တို့ကို လှောင်ပြောင်ပြောဆိုမှုတွေပြုလုပ်ပြိး တိုက်ခိုက်လိုက်ပါတယ်။
ယူနိုက်တက်က နယူးကာဆယ်ကို ၂-၀ နဲ့အနိုင်ရရှိကာ ကာရာဘောင်းဖလားချန်ပီယံဖြစ်ခဲ့ပြီး ဒါဟာ တန်ဟက်ဂျ်၊ မာတီနက်ဇ်နဲ့အန်တိုနီတို့အတွက်တော့ ယူနိုက်တက်နဲ့အတူ ပထမဆုံးရာသီမှာပဲ ဆုဖလားတလုံးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အေဂျက်ဇ်နည်းပြဟောင်းနဲ့ အေဂျက်ဇ်ကစားသမားဟောင်းတွေဟာ ပွဲအပြီးမှာတော့ ရုပ်သံကင်မရာတွေရှေ့မှာ အတူတူကခုန်အောင်ပွဲခံနေခဲ့ကြတာဖြစ်ပါတယ်။
ပီယာ့စ်မော်ဂန်က သူ့ရဲ့ တွစ်တာအကောင့်ကနေ အဆိုပါဗီဒီယိုကို ပြန်လည်မျှဝေခဲ့ရာမှာ "ဒါကို ကြည့်နေရတာ ကျနော်ယုံတောင်မယုံနိုင်ဘူး၊ မန်နေဂျာနဲ့ ကစားသမားတွေက ကာရာဘောင်ဖလားရတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်နေတယ်၊ အရမ်းရှက်ဖို့ကောင်းပါတယ်" လို့ ရေးသားပြောဆိုခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေကိုပါ ဒေါသထွက်စေခဲ့ပါတယ်။
ပီယာ့စ်မော်ဂန်ဟာ ယူနိုက်တက်တိုက်စစ်မှူးဟောင်းခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တော်တော်လးခင်မင်ရင်းနှီးသူဖြစ်ပြီး ရော်နယ်ဒိုနဲ့ပတ်သက်ကာ ယူနိုက်တက်ကို မျက်မုန်းကျိုးတိုက်ခိုက်လေ့ရှိသူဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ကြား ပြသနာဖြစ်ပွားပြီး လမ်းခွဲခဲ့ချိန်မှာလည်း သူက ဝေဖန်ပြစ်တင်ပြောဆိုမှုတွေကို ပြုလုပ်ခဲ့ဖူးကာ ပေါ်တူဂီကစားသမားဘက်ကနေ အခိုင်အမာရပ်တည်ခဲ့ပါတယ်။
သူ့ရဲ့ အခုပြောဆိုမှုကတော့ ယူနိုက်တက်ပရိသတ်တွေကိုပါ ဒေါသထွက်စေမှာသေချာပါတယ်။ အဲရစ်တန်ဟက်က သူ့ရဲ့ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးရာသီမှာပဲ ဆုဖလားရယူနိုင်ခဲ့တာဖြစ်ပြီး ၆ နှစ်အတွင်းမှာ ယူနိုက်တက်ကို ဆုဖလားတလုံး ရရှိအောင် ပြန်လည်စွမ်းဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။