ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ပြီးခဲ့တဲ့ရာသီမှာ ကာရာဘောင်ဖလားကို ဆွတ်ခူးပြီးတဲ့နောက်ပိုင်း အသင်းရဲ့ အဆင့်အတန်းက နိမ့်ကျသွားခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ခ်ရဲ့ ပထမဆုံးရာသီမှာ အခုလိုမျိုး ပြည်တွင်းဖလားတစ်လုံးကို ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒါပေမယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃၂) ပွဲမှာ ယူနိုက်တက်တို့ နိုင်ပွဲ (၁၆) ပွဲသာ ရှိခဲ့ပြီး ဆိုးရွားတဲ့ ရလဒ်ပိုင်းတွေနဲ့ အခုချိန်အထိ ဆက်တိုက် ကြုံတွေ့နေရပါတယ်။ တန်ဟက်ခ်လက်ထက် ယူနိုက်တက်က နယူးကာဆယ်ကို ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ အနိုင်မရခင်က နိုင်ပွဲရာခိုင်နှုန်း (၆၉) ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှာတော့ အသင်းရဲ့ နိုင်ပွဲရာခိုင်နှုန်းက (၅၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီ ပြိုင်ပွဲစုံမှာလည်း ယူနိုက်တက်တို့ နိုင်ပွဲထက် ရှုံးပွဲက ပိုမိုများပြားနေပါတယ်။ တန်ဟက်ခ်က “ဒါတွေက ကိန်းဂဏန်းအချက်အလက်တွေပါ။ ကျွန်တော်တို့ အဆင့်အတန်းက ကျဆင်းသွားခဲ့ပြီး အရင်နေရာကို ပြန်ရောက်ဖို့ လိုအပ်ပါတယ်”
“ဒီလိုဖြစ်သွားတဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုချိန်မှာ ဒါတွေကို လက်မခံနိုင်ဘဲ ကျွန်တော်တို့ တိုက်ပွဲဝင်နေပါတယ်။ အသင်းရဲ့ကစားပုံအရ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တွေရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ၊ သတ်မှတ်ချက်တွေရောပေါ့”
“ကစားသမားတွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီပံ့ပိုးပေးလာကြရင် သူတို့ ပိုပြီး ကောင်းမွန်တဲ့ကစားပုံမျိုးကို ပြသနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲရရှိဖို့ လိုအပ်နေတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။