တစ်ချိန်က ကျောင်းတော်က ရန်စတွေရှိခဲ့ကြတဲ့ မေဆင်မောင့်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့နှစ်ယောက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းက ဗီဒီယိုကို ပရိသတ်တွေ တော်တော်လေး သဘောကျနှစ်သက်နေကြပါတယ်။ ဒီကစားသမားနှစ်ယောက်က ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ကစားချိန်မှာ ထိပ်တိုက်တွေ့ပြီး အချင်းများခဲ့ကြတာပါ။
မေဆင်မောင့်နဲ့ မာတီနက်ဇ်တို့နှစ်ယောက်ဟာ အောက်တိုဘာလအတွင်း ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ မာတီနက်ဇ်က မေဆင်မောင့်ရဲ့ ရင်ဘတ်ကို ဆောင့်တွန်းပြီး မေဆင်မောင့်ကလည်း မာတီနက်ဇ်ကို ဒေါသထွက်ခဲ့ပါတယ်။ အဲ့ဒီနောက် အချင်းများခဲ့ပြီး လုခ်ရှောက သူတို့နှစ်ယောက်ကို ပြန်လည် ဖျန်ဖြေခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း ယူနိုက်တက်ကို မေဆင်မောင့် ရောက်ရှိလာချိန်မှာ ဒဏ်ရာပြဿနာက ပြန်လာပြီး ကြံ့ခိုင်မှု အစီအစဥ်တွေ ပြုလုပ်နေတဲ့ မာတီနက်ဇ်နဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ အရင်တွေ့ရတော့မယ်လို့ ပရိသတ်တွေက နောက်ပြောင်ခဲ့ကြပါတယ်။ တကယ်တမ်းမှာလည်း သူတို့နှစ်ယောက်က တွေ့ဆုံခဲ့ကြပြီး မနေ့ကလည်း မေဆင်မောင့်က ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး လေ့ကျင့်ခန်း အစီအစဥ်ကို ပြုလုပ်သွားခဲ့ပါတယ်။
ဒါ့အပြင် နှစ်ယောက်အကြား တော်တော်လေး ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပြီး အတူတူ လမ်းလျှောက်လာခဲ့ကာ မာတီနက်ဇ်က မေဆင်မောင့်ကို လှမ်းခေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် မာတီနက်ဇ်က “လာပါဦး ညီအစ်ကိုရေ။ အရင်ကတော့ ငါတို့ ရန်ဖြစ်ခဲ့ကြတာပေါ့။ အခုတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်သွားပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
မေဆင်မောင့်ကလည်း “အခု အတူတူပဲရှိနေကြပါပြီ” လို့ ပြောကြားရင်း လေ့ကျင့်ခန်းဆင်းဖို့အတွက် ဆက်လက် ထွက်ခွာသွားခဲ့ပါတယ်။ ဒီလိုမျိုး မေဆင်မောင့်နဲ့ မာတီနက်ဇ်တို့ နှစ်ယောက်ရဲ့ ဗီဒီယိုမှာ ဒဏ်ရာကြောင့် အသင်းနဲ့ ကာလရှည်ဝေးကွာနေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အခု ဒီဗီဒီယိုကိုတော့ ယူနိုက်တက်ရဲ့ တရားဝင်တွစ်တာအကောင့်ကတစ်ဆင့် ပရိသတ်တွေအတွက် မျှဝေပေးထားခဲ့တာဖြစ်ပါတယ်။