ကာရစ်ကတော့ အာဆင်နယ်နဲ့ပွဲကို ဆက်လက်တာဝန်ယူသွားဦးမှာပါ။

ယူနိုက်တက်တို့ ယာယီနည်းပြအဖြစ် ခန့်အပ်ထားတဲ့ ရန်းနစ်ဂ်တယောက် အာဆင်နယ်နဲ့ပွဲမှာ ကိုင်တွယ်နိုင်မှာမဟုတ်ဘဲ ကာရစ်ကသာ ဒီပွဲကို ဆက်လက်တာဝန်ယူသွားမယ်လို့ သိရှိရပါတယ်။ ရန်းနစ်ဂ်နဲ့ ယူနိုက်တက်တို့အကြား ပြီးခဲ့တဲ့ ရက်သတ္တပတ်တည်းက (၆) လတာ စာချုပ်အတွက် သဘောတူညီမှုရရှိခဲ့တာပါ။



မနေ့က ရန်းနစ်ဂ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီလို့ ယူနိုက်တက်တို့ တရားဝင်ကြေညာခဲ့ပြီး ကြာသပတေးညမှာ ကစားမယ့် အာဆင်နယ်နဲ့ အိမ်ကွင်းပွဲကို ရန်းနစ်ဂ်ကိုင်တွယ်ဖို့ ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသက် (၆၃) နှစ်အရွယ် ရန်းနစ်ဂ်အနေနဲ့ ဗီဇာပြဿနာတွေကြောင့် အသင်းကို မျှော်လင့်ထားတဲ့ အချိန်အတိုင်း မကိုင်တွယ်နိုင်သေးပါဘူး။

ဒီသတင်းကို ယူနိုက်တက်ဘက်ကလည်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲအတွက် လက်ရှိအသင်းရဲ့ ယာယီနည်းပြ ကာရစ်ကသာ ဆက်လက်ကိုင်တွယ်သွားမယ်လို့ သိရှိရပါတယ်။

ကာရစ်ဟာ ယူနိုက်တက် ယာယီနည်းပြအဖြစ် ကိုင်တွယ်ပြီးတဲ့ (၂) ပွဲလုံးကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားတာပါ။ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သလို ချဲလ်ဆီးကိုလည်း အဝေးကွင်းမှာ ဦးဆောင်ဂိုးသွင်းပြီးမှ ပင်နယ်တီချေပဂိုးကြောင့် သရေကျခဲ့တာဖြစ်ပါတယ်။ ကျေနပ်စရာကောင်းတာတခုက ကာရစ်လက်ထက်မှာ ဆန်ချိုက နှစ်ပွဲလုံး ဂိုးသွင်းယူနိုင်ခဲ့တာပါပဲ။ ဆန်ချိုအတွက် ဒီဂိုးတွေက ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။


ယူနိုက်တက်ပရိသတ်တွေကတော့ ရန်းနစ်ဂ်နဲ့ ဖလက်ချာတို့အကြား ဆက်သွယ်မှုတွေရှိနေတယ်လို့ ယုံကြည်နေပြီး ချဲလ်ဆီးနဲ့ပွဲမှာ ဖလက်ချာက ရန်းနစ်ဂ်ဆီက ညွှန်ကြားမှုတွေကို လက်ခံရယူကာ အသင်းကို ကာရစ်နဲ့အတူ ထိန်းကျောင်းပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ 

Share

က္က