တနင်္ဂနွေနေ့မှာ ကစားကြရမှာပါ။

တနင်္ဂနွေနေ့မှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်နဲ့ပွဲမှာ ယူနိုက်တက်ယာယီနည်းပြကာရစ်ကို သတိထားကြဖို့ ချယ်လ်ဆီးနည်းစနစ်အကြံပေးဖြစ်သူ ဂိုးသမားဟောင်းကြီးပီတာဆက်ချ်က သတိပေးပြောဆိုလိုက်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမယ့်ပွဲအတွက် ချယ်လ်ဆီးက အပေါ်အသင်းအဖြစ်ရှိနေပြီး အနိုင်ရဖို့အတွက်လည်း ရေပန်းစားနေတာဖြစ်ပါတယ်။ 

ယူနိုက်တက်ကတော့ နည်းပြဆိုးလ်ရှားကိုထုတ်ပယ်ပြီး ကာရစ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးပွဲမှာ ဗီလာရီးရဲလ်ကို အဝေးကွင်းမှာအနိုင်ရရှိခဲ့ပြီး တာထွက်လှခဲ့ကာ စိတ်ပိုင်းဆိုင်ရာအရ တက်ကြွနေမှာလည်းဖြစ်ပါတယ်။ ပီတာဆက်ချ်က နည်းပြသစ်နဲ့အသင်းတွေကို ရင်ဆိုင်ရတာက အရမ်းခက်ခဲတယ်လို့ပြောဆိုခဲ့ပြီး မပေါ့ဆဖို့ အသင်းသားတွေကို သတိပေးခဲ့တာပါ။ 

"ကျနော်တို့ ချက်နိုင်ငံမှာ ဆိုရိုးစကားတခုရှိတယ်ဗျ၊ တံမြက်စည်းအသစ်က ပိုပြီးလှည်းလို့ကောင်းတာဆိုတာပေါ့၊ နည်းပြသစ်တယောက်ရောက်လာတဲ့အသင်းတွေနဲ့ ကစားရတာ အမြဲတမ်းခက်ခဲပါတယ်၊ တနင်္ဂနွေနေ့မှာ ပြိုင်ဘက်အဖြစ် ယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့အခါ ကျနော်တို့ တွေ့ကြုံရမယ့်အရာလည်းဖြစ်ပါတယ်၊ နည်းပြသစ်အပြောင်းအလဲဖြစ်တိုင်း တုံ့ပြန်မှုတွေက ရှိတယ်"

"ကစားသမားတိုင်းက ရုတ်တရက် အစကနေပြန်စရပြီး ပွဲများများမကစားရတဲ့သူတွေလည်း ချက်ချင်းဆိုသလို အခွင့်အရေးရလာတယ်၊ ကစားနေရတဲ့သူတွေကလည်း သူတို့ခြေစွမ်းမပြနိုင်ရင် နည်းပြက တခြားတယောက်ကို ရွေးမယ်ဆိုတာကို သိနေကြတယ်၊ ဒီတော့ ပိုပြီးတော့ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့စေမယ့် မက်လုံးတွေ၊ လှုံ့ဆော်မှုတွေအသစ်တွေနဲ့ ကစားကြပါတယ်" လို့ ပီတာဆက်ချ်က ပြောခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

ချယ်လ်ဆီးကတော့ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ကြိမ် ရင်ဆိုင်ခဲ့ရာမှာ နိုင်ပွဲမရှိထားတာဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာလည်း ယူနိုက်တက်ကို ဖလားပွဲတွေကလွဲရင် အမှတ်ပေးပွဲတွေမှာ အနိုင်မရရှိခဲ့ဘူးဘဲ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အရေးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ၂ကျော့စလုံး ဂိုးမရှိသရေသာဖြစ်ခဲ့ကြတာပါ။ 

Share

Loading Next Article...
က္က