ပဲလေ့စ်နဲ့ပွဲမှာ အီဒါဆန်က မှားယွင်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ပွဲမှာတော့ မန်စီးတီးက နှစ်ဂိုးပြတ်အရှုံးကနေ နောက်ကလိုက်ကစားပြီး အိမ်ကွင်းမှာ ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဟာလန်းရဲ့ ဟက်ထရစ်အပြင် မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့ အမှားအယွင်းကလည်း ပြောစရာတခုအနေနဲ့ ရှိခဲ့ပါတယ်။



ဒီပွဲရဲ့ ပထမပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်က စတုန်းစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ဂိုး၊ ဂျိုအာချင်အန်ဒါဆန်ရဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အီဒါဆန်ရဲ့ အမှားကတဆင့်လည်း တတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့သေးပေမယ့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပြီး ပယ်ဖျက်ခဲ့တာကြောင့် မန်စီးတီးတို့ သက်သာရာရခဲ့တာပါ။

အီဒါဆန်ဟာ သူ့လက်ထဲက ဘောလုံးကို အသင်းဖော်ဆီ ပေးပို့ဖို့အလုပ်၊ ဘောလုံးလက်ထဲက ထွက်သွားချိန်မှာ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး အက်ဒွါတ်က ဘောလုံးကို တားဆီးခဲ့ပါတယ်။ အဲ့ဒီကနေတဆင့် ဂျော်ဒန်အယူးက ခရစ္စတယ်ပဲလေ့စ်အတွက် ဂိုးသွင်းခဲ့ပေမယ့် ပြစ်ဒဏ်ဘောအဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ အီဒါဆန်ရဲ့ ဒီအမှားဟာ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ရဲ့ တချိန်ကချန်ပီယံလိဂ်ဗိုလ်လုပွဲက လီဗာပူးဂိုးသမား ကာရီးယပ်စ်ရဲ့အမှားမျိုးနဲ့ တထပ်တည်းဖြစ်ခဲ့ပါတယ်။


အဲ့ဒီတုန်းက ကာရီးယပ်စ်က ဘန်ဇီမာရဲ့ တားဆီးခြင်းကိုခံခဲ့ရပြီး ဘောလုံးကလည်း ဂိုးထဲဝင်သွားကာ ရီးရဲလ်မက်ဒရစ်တို့ ဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီပွဲအပြီးမှာလည်း ကာရီးယပ်စ်က သူ့ရဲ့အမှားတွေနဲ့ လီဗာပူးရှုံးနိမ့်ခဲ့ရတာကြောင့် မျက်ရည်လည်ရွှဲဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေကတော့ အီဒါဆန်ရဲ့ဖြစ်ရပ်မှာ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခဲ့တာကို ဝေဖန်နေကြပါတယ်။

လီဗာပူးရဲ့ဖြစ်ရပ်မှာတုန်းက ဒီဂိုးကို ခွင့်ပြုခဲ့ရပြီး မန်စီးတီးအလှည့်မှာတော့ ဒါကို ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် VAR က မန်စီးတီးအလိုရှိတဲ့အတိုင်း ဖန်တီးပေးနေတဲ့အရာလို့လည်း ဝေဖန်လှောင်ပြောင်နေကြပါတယ်။ မန်စီးတီးကတော့ ဒုတိယပိုင်းမှာ ဘာနာဒိုဆေးလ်ဗားရဲ့ ချေပဂိုး၊ ဟာလန်းရဲ့ ဟက်ထရစ်တွေနဲ့အတူ ၄-၂ ဂိုးနဲ့ ပြန်လည်အနိုင်ရရှိသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က