ကာဇက်စတန်မှာ လူ ၉၈ ဦး လိုက်ပါသွားတဲ့ လေယာဥ်တစ်စီး ပျက်ကျခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။
(Photo: @H_Aram/Twitter)
၎င်းတို့ရဲ့ ပြောကြားမှုအရ Bek Air လေကြောင်းလိုင်းရဲ့ Fokker 100 အမျိုးအစား လေယာဥ်ဟာ ဒေသစံတော်ချိန် ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) မနက်ပိုင်းက Almaty လေဆိပ်မှ ပျံတက်ခဲ့စဥ် မြေပြင်သို့ ပြန်လည်ထိုးဆင်းလာကာ ကွန်ကရစ်ခြံစည်းရိုးတစ်ခုကို တိုက်မိပြီးနောက် နှစ်ထပ်အဆောက်အအုံပေါ်သို့ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ လေယာဥ်ပျက်ကျမှုဖြစ်ပြီးနောက် ကာဇက်စတန် အာဏာပိုင်တွေက Fokker 100 လေယာဥ်များအားလုံး ပျံသန်းခြင်းမပြုရန် ညွှန်ကြားလိုက်ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက လေယာဥ်ပျက်ကျတဲ့နေရာကို အလျင်အမြန် သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(Photo: maral_yerman/IG)
လေယာဥ်ပျက်ကျမှုအတွင်း လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်းနဲ့ အသက်ရှင်ကျန်သူတွေကို ရွှေ့ပြောင်းပေးနေကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ သေဆုံးခဲ့သူတွေအနက် ကလေးငယ်ခြောက်ဦး ပါဝင်ကြောင်း ကာဇက်စတန် ပြည်ထဲရေးဝန်ကြီးက ကနဦး သတင်းအချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။
လေယာဥ်ပျက်ကျမှုအတွင်း ကလေးငယ်များ အပါအဝင် ဒဏ်ရာရသူ ၆၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ပျက်ကျသွားတဲ့ Flight Z92100 လေယာဥ်ဟာ ကာဇက်စတန်ရဲ့ အကြီးဆုံးမြို့ Almaty မှ မြို့တော် Nursultan သို့ လေကြောင်းခရီးစဥ် ပျံသန်းမှာဖြစ်ပါတယ်။ လေယာဥ်ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။
(Photo: @H_Aram/Twitter)
လေယာဥ်ပျက်ကျခဲ့တဲ့ နေရာအနီးရှိနေခဲ့သူ Reuters သတင်းထောက်ရဲ့ အဆိုအရ ထိုနေရာဒေသမှာ မြူများထူထပ်နေခဲ့တယ်လို့ သိရပါတယ်။
လေယာဥ်ပေါ်မှာ ခရီးသည် ၉၃ ဦးနဲ့ လေယာဥ်အမှုထမ်းငါးဦး လိုက်ပါသွားခဲ့ကြောင်း Almaty လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဥ်ဟာ လေဆိပ်မှထွက်ခွာသွားပြီးနောက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၂၂ မိနစ်မှာ ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။