၂၀၂၂ ခုနှစ်အတွက် ဘလွန်းဒီအောဆုကို ပြင်သစ်တိုက်စစ်မှူးဘန်ဇီမာက အားလုံးက ယုံကြည်ထားခဲ့သလိုပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၁၉၅၆ နောက်ပိုင်း ဒီဆုကို ဆွတ်ခူးနိုင်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် ဘန်ဇီမာက မှတ်တမ်းဝင်ခဲ့ပြီး သူ့အသက် ၃၄ နှစ်ကျော်အရွယ်မှာမှ ရယူနိုင်ခဲ့ကာ ကစားသမားတိုင်းလိုချင်မက်မောတဲ့ ဆုကို ပိုင်ပိုင်နိုင်နိုင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘန်ဇီမာက ဘလွန်းဒီအောဆုရယူနိုင်ခဲ့ပြီးချိန်မှာ ပြင်သစ်သမ္မတအီမန်နူရယ်မတ်ခရွန်က "KB9၊ ဘောလုံးသမိုင်းမှာ ကျန်ရှိနမေယ့် စာလုံးနှစ်လုံးနဲ့ နံပါတ်တခု၊ ဇီဒန်းဆွတ်ခူးအပြီး ၂၄ နှစ်အကြာမှာ ကီရင်ဘန်ဇီမာက ဘလွန်းဒီအောဆုအသစ်တခုကို ပြင်သစ်ဆီယူဆောင်လာနိုင်ခဲ့ပါပြီ၊ သူ့အတွက် ဂုဏ်ယူပါတယ်" လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားပြောဆိုချီးကျူးသွားခဲ့ပါတယ်။
ပြင်သစ်သမ္မတမတ်ခရွန်ကတော့ သူ့ လက်ထက်မှာ ပြင်သစ်အတွက် ကဏ္ဍစုံကနေ အောင်မြင်မှုရရှိအောင် လုပ်ဆောင်ပေးနေသူတွေကို မကြာခဏလက်ခံတွေ့ဆုံလေ့ရှိပြီး အားပေးလေ့ရှိသူပါ။ ပြင်သစ်တို့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့စဉ်ကလည်း မတ်ခရွန်က အသင်းပွဲစဉ်တွေကို သွားရောက်ကြည့်ရှုခဲ့ကာ ဂိုးသွင်းချိန်တိုင်း ပွဲကြည့်စင်ပေါ်မှာ စိတ်လွတ်ကိုယ်လွတ်အောင်ပွဲခဲ့သူဖြစ်ပါတယ်။
ဘန်ဇီမာကတော့ ရော်နယ်ဒို-မက်ဆီတို့ခေတ်မှာ ဘလွန်းဒီအောဆုကို ရယူနိုင်တဲ့ ကစားသမားအဖြစ် အသင်းဖော်လူကာမိုဒရစ်နဲ့အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၄၀ ကျော်အထိ သွင်းယူပေးခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရအောင် ကူညီပေးနိုင်ခဲ့ကာ အသင်းကို ဦးဆောင်သူတဦးအဖြစ်နဲ့ပါ ဘန်ဇီမာက ရှိနေခဲ့လို့ ဒီဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။