တာလီဘန်စစ်သွေးကြွအုပ်စု ထိန်းချုပ်မှုအောက်ကို အာဖဂန်နစ္စတန်နိုင်ငံ ကျရောက်ခဲ့ပြီးနောက် အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက နိုင်ငံမှထွက်ခွာမယ့် လူဦးရေ ၁၂၀,၀၀၀ ကျော်ကို ဩဂုတ် ၃၁ ရက်နေ့အထိ လေကြောင်းခရီးစဥ်ဖြင့် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ နောက်ထပ် ရွှေ့ပြောင်းမှုတွေအတွက်လည်း အမေရိကန်နဲ့ တာလီဘန်တို့ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။
အာဖဂန်မြို့တော် ကဘူးလ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ လေယာဥ်ခရီးစဥ်များဖြင့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ ဩဂုတ် ၃၁ ရက်နေ့အထိ နေ့စဥ် လူပေါင်းထောင်နဲ့ချီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေစဥ် လူအစုအပြုံလိုက် စုရုံးရောက်ရှိနေကြတဲ့ ကဘူးလ်လေဆိပ်မှာ အကြမ်းဖက်တိုက်ခိုက်နိုင်ခြေရှိကြောင်း အမေရိကန်နဲ့ မဟာမိတ်တို့က သတိပေးထားခဲ့ပါတယ်။
(Photo: Getty Images)
ထိုသို့ သတိပေးထားခဲ့တဲ့အတိုင်း ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်မှာ ကဘူးလ်လေဆိပ်ဧရိယာအတွင်းရှိ နေရာနှစ်ခုမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနဲ့ အာဖဂန်ပြည်သူ ၁၆၉ ဦး အပါအဝင် ၁၈၂ ဦး သေဆုံးပြီး အခြား လူ ၁၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ကဘူးလ်လေဆိပ် ဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်-ကေ (IS-K) လို့ ခေါ်ဝေါ်ကြတဲ့ အကြမ်းဖက်အဖွဲ့က ကြေညာခဲ့ပါတယ်။ ကဘူးလ်လေဆိပ်မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ IS-K အဖွဲ့ဟာ မည်သူတွေဖြစ်ပြီး မည်သို့လှုပ်ရှားနေကြောင်း အချက်အလက်အချို့ကို စုစည်းဖော်ပြထားပါတယ်။
အိုင်အက်စ်-ကေ ဆိုတာ?
အိုင်အက်စ်-ကေ (IS-K) အဖွဲရဲ့ အမည်အပြည့်အစုံဟာ Islamic State Khorasan Province ဖြစ်ပြီး အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ လှုပ်ရှားနေကြတဲ့ အိုင်အက်စ် (Islamic State) လက်အောက်ခံ ဒေသခံဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ အာဖဂန်ရှိ ဂျီဟတ်စစ်သွေးကြွအုပ်စုတွေရဲ့ အစွန်းအရောက်ဆုံးနဲ့ အကြမ်းအဖက်ဆုံး အဖွဲ့အဖြစ် သိထားကြပါတယ်။ အိုင်အက်စ်-ကေအဖွဲ့ကို အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ်တို့ ဩဇာလွှမ်းမိုးမှု မြင့်မားနေစဥ် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
(Photo: IndiaTimes)
အိုင်အက်စ်-ကေက အာဖဂန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံလုံးမှ ဂျီဟတ်ဝါဒီတွေကို အဖွဲ့ဝင်သစ်များအဖြစ် စုဆောင်းလေ့ရှိပါတယ်။ အထူးသဖြင့် အာဖဂန် တာလီဘန်အုပ်စုကနေ ဘက်ပြောင်းလာသူတွေကို အိုင်အက်စ်-ကေက အဖွဲ့ဝင်သစ်အဖြစ် လက်ခံစုဆောင်းတာ ဖြစ်ပါတယ်။ တာလီဘန်ကနေ ဘက်ပြောင်းလာသူတွေက ၎င်းတို့ရဲ့ အဖွဲ့အစည်းဟာ လုံလောက်တဲ့ အစွန်းရောက်မှုမရှိဘူးလို့ ရှုမြင်ကြတာကြောင့် အိုင်အက်စ်-ကေထံ ပူးပေါင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
အိုင်အက်စ်-ကေရဲ့ ရက်စက်ကြမ်းကြုတ်မှု
လတ်တလော နှစ်များအတွင်း အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အချို့ကို အိုင်အက်စ်-ကေအဖွဲ့က လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ဟာ အမျိုးသမီး စာသင်ကျောင်းများ၊ ဆေးရုံးများနဲ့ မွေးလူနာဆောင်ကိုပင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ မွေးလူနာဆောင်ကို တိုက်ခိုက်ရာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သူနာပြုတွေကို ပစ်သတ်ခဲ့ကြပါတယ်။
(Photo: IndiaTimes)
အာဖဂန်ကို ထိန်းချုပ်လိုတဲ့ တာလီဘန်အုပ်စုနဲ့မတူဘဲ အိုင်အက်စ်-ကေက အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှာ အစိတ်အပိုင်းအဖြစ် ပါဝင်လှုပ်ရှားနေပြီး အနောက်အုပ်စု၊ နိုင်ငံတကာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ်မှတ်တွေကို အခွင့်အရေးရတိုင်း တိုက်ခိုက်ရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အခြေစိုက်နေရာ
အိုင်အက်စ်-ကေအဖွဲ့က ပါကစ္စတန်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးသူတွေ အဝင်အထွက်လုပ်နေတဲ့ လမ်းကြောင်းတွေရှိရာ အာဖဂန် အရှေ့ပိုင်းပြည်နယ် နန်ဂါဟာ (Nangarhar) မှာ အခြေစိုက်ပါတယ်။ အိုင်အက်စ်-ကေအဖွဲ့မှာ တိုက်ခိုက်ရေးသမား ၃,၀၀၀ ခန့်ရှိပေမဲ့ အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့ နှစ်ခုလုံးနဲ့ တိုက်ပွဲများအတွင်း သိသိသာသာ သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် တာလီဘန်အုပ်စုနဲ့ တိုက်ပွဲတွေမှာလည်း အိုက်အက်စ်-ကေ တိုက်ခိုက်ရေးသမားတွေ သေဆုံးဒဏ်ရာရမှုတွေ များပြားခဲ့တယ်လို့ ဆိုပါတယ်။
တာလီဘန်အုပ်စုနဲ့ ဆက်နွယ်မှုရှိလား?
Haqqani လို့ခေါ်တဲ့ တတိယအဖွဲ့မှတစ်ဆင့် တာလီဘန်တို့နဲ့ ဆက်နွယ်မှုရှိတယ်လို့ ဆိုပါတယ်။ သုတေသီတွေရဲ့ အဆိုအရ အိုင်အက်စ်-ကေနဲ့ Haqqani တို့ကြား ခိုင်မာတဲ့ ဆက်နွယ်မှုရှိပြီး ထိုမှတစ်ဆင့် တာလီဘန်အုပ်စုနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်ကြား အဓိက တိုက်ခိုက်မှုအချို့မှာ အိုင်အက်စ်-ကေ၊ တာလီဘန်အုပ်စုရဲ့ Haqqani နဲ့ ပါကစ္စတန်အခြေစိုက် အခြား အကြမ်းဖက်အုပ်စုတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွကွန်ရက်တွေကို နှစ်ကာလရှည်ကြာ စောင့်ကြည်နေတဲ့ Asia Pacific Foundation မှ ဒေါက်တာ Sajjan Gohel က ပြောပါတယ်။
(Photo: WashingtonExaminer)
အိုင်အက်စ်-ကေနဲ့ တာလီဘန်တို့ကြား အဓိက သဘောထားကွဲလွဲမှုမှာ တာလီဘန်တို့က ဂျီဟတ်နဲ့ စစ်မြေပြင်ကို ပစ်ပယ်ပြီး ကာတာနိုင်ငံ ဒိုဟာမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအခါ တာလီဘန်တို့ ထိန်းချုပ်ထားပြီဖြစ်တဲ့ အာဖဂန်မှာ အိုက်အက်စ်အကြမ်းဖက်အုပ်စုနဲ့ ၎င်းတို့ရဲ့ လက်အောက်ခံအဖွဲ့က လုံခြုံရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်နေပြီး တာလီဘန်ခေါင်းဆောင်တွေက အနောက်အုပ်စု ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ သတင်းအချက်အလက် ဖလှယ်မှုတွေ ဆောင်ရွက်နေကြပါတယ်။