မျက်နှာကို ဖိနပ်နဲ့ တက်နင်းမိခဲ့တဲ့အတွက် တောင်းပန်စကားဆိုခဲ့တာပါ။

အက်စ်တွန်ဗီလာ နောက်ခံံကစားသမား တိုင်ရုန်းမင်းစ်ဟာ ရက်ဒင်းအသင်းရဲ့အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ဒဏ်ရာရရှိအောင် ပြုလုပ်မိခဲ့တဲ့အတွက် ရက်ဒင်းတိုက်စစ်မှူး နယ်လ်ဆန်အိုလီဗီယာကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

မင်းစ်ဟာ ဘုန်းမောက်အသင်းကနေ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ရက်ဒင်အသင်းနဲ့ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားခဲ့တာဖြစ်ပြီး ပွဲဦးထွက်ပွဲစဉ် အဝေးကွင်းမှာ ဂိုးမရှိသရေရလဒ် ရယူနိုင်ခဲ့တဲ့အတွက် စိတ်ကျေနပ်မှုရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းစ်ဟာ အိုလီဗီယာနဲ့ ဘောလုံးယှဉ်လုရင်းနဲ့ မတော်တဆ ပြစ်ဒဏ်ကျူးလွန်မိခဲ့တာဖြစ်ပြီး လဲကျသွားတဲ့ အိုလီဗီယာရဲ့ မျက်နှာတည့်တည့်ကို တက်နင်းမိခဲ့တာဖြစ်ပါတယ်။

ရက်ဒင်းဆေးဝန်ထမ်းတွေဟာ အိုလီဗီယာကို ကွင်းအတွင်းမှာ ကုသမှုတွေ ပြုလုပ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အိုလီဗီယာဟာ ခွဲစိတ်ကုသမှုပြုလုပ်ရဖွယ်ရှိပြီး အချိန်ကာလတစ်ခုအထိ အရန်ခုံမှာ အနားယူရဖွယ်ရှိနေတာဖြစ်ပါတယ်။

ယင်းဖြစ်ရပ်ကြောင့် အက်စ်တွန်ဗီလာနောက်ခံကစားသမား မင်းစ်ဟာ လူမှုကွန်ရက်တွေမှာ ပြင်းပြင်းထန်ထန် အပြစ်တင်ခံနေရပြီး အများစုက ၂၀၁၇ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်နဲ့ ဘုန်းမောက်အသင်းတို့ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်တုန်းက ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ဦးခေါင်းကို နင်းခဲ့တဲ့ဖြစ်ရပ်ကို ညွှန်ပြပြီး ရည်ရွယ်ချက်ရှိရှိ ထပ်မံပြုလုပ်ခဲ့တာလို့ ဝေဖန်နေကြပါတယ်။

မင်းစ်က ရက်ဒင်းအသင်းနဲ့ပွဲစဉ်အပြီးမှာ ၎င်းရဲ့လူူမှုကွန်ရက်ကနေ အသင်းရဲ့ပွဲပြီးရလဒ်အတွက် ကျေနပ်မိကြောင်းနဲ့ အိုလီဗီယာအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ရေးသားခဲ့ပါတယ်။

“ဒီနေ့မှာ ဝိုင်နီရောင်နဲ့ အပြာကို ဝတ်ဆင်ရတာ လုံးဝကို နှစ်သက်ခဲ့ပြီး ပေးဂိုးမရှိဘူးဆိုတော့ အတိုင်းထက်အလွန်ပါပဲ။ အိုလီဗီယာအတွက် အရမ်းကို စိတ်မကောင်းဖြစ်နေသလို ခံစားရပါတယ်။ သူ အဆင်ပြေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ အိုလီဗီယာက ၎င်းရဲ့တွစ်တာအကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က