YBS ယာဉ်လိုင်းတွေမှာ ကဒ်စနစ်နဲ့ စတင်အသုံးပြုနိုင်အောင် ကနဦး ဦးစားပေးတပ်ဆင်မယ့် ကားအစီးရေ (၁၅၀၀)မှာ စက်တွေကို ယခုဒီဇင်ဘာလ(၂၇)နေ့မှာ အပြီးတပ်စဉ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
YBS ကုမ္ပဏီ(၄)ခုက ယာဉ်လိုင်းတွေမှာ ဦးစားပေးတပ်ဆင်သွားမှာဖြစ်ပြီး YUPT ယာဉ်လိုင်းက ယာဉ်အစီးရေ (၅၀၀)၊ YPPC ယာဉ်လိုင်းက ယာဉ်အစီးရေ (၅၀၀)၊ ဗန္ဓုလ ယာဉ်လိုင်းက ယာဉ်အစီးရေ (၃၀၀)ကျော်နဲ့ ရွှေတောင်ယာဉ်လိုင်းက ယာဉ်အစီးရေ (၈၀)ကျော် စုစုပေါင်း ယာဉ်အစီးရေ (၁၅၀၀)မှာ တပ်ဆင်သွားမှာပါ။
“ အခု ကျွန်တော်တို့က (၅၄၄)စီးမှာတပ်ပြီးပြီ။ ကုမ္ပဏီကိုယ်တိုင်ကလည်း သူပေးထားတဲ့ ကတိအတိုင်း (၂၇)ရက်နေ့မှာ ကားအစီးရေ (၁၅၀၀)မှာအားလုံးတပ်ဆင်ပြီးရမယ်။ ဒါက စီမံချက်တစ်ခုလည်းဖြစ်တယ်။ စက်တွေအကုန်တပ်ဆင်ပြီးပြီဆိုပေမယ့် ကုမ္ပဏီကဒ်တွေနဲ့ စမ်းသပ်ကာလတစ်ခုအနေနဲ့ ဆောင်ရွက်သွားဦးမယ်။ ဘာလို့လဲ ဆိုတော့ ခရီးသည်တွေရဲ့ ကဒ်တွေနဲ့စတင်သုံးခိုင်းပြီးမှ အဆင်မပြေရင် ခရီးသည်တွေရဲ့ ပိုက်ဆံဆုံးရှုံးမှာစိုးလို့။ အဲဒီတော့ ကျွန်တော်တို့က စမ်းသပ်ကာလအနေနဲ့ အရင်ဆောင်ရွက်ပြီးမှ ခရီးသည်တွေသုံးလို့ရပြီဆို ကြိုတင်အသိပေးမှာပါ” လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာတွေကိုပြောပါတယ်။
ခရီးသည်တွေအတွက် ကဒ်နဲ့ ကားစီးနှင်းနိုင်ဖို့အတွက်ကိုတော့ ကဒ်တွေကို G&G စတိုးဆိုင်တွေမှာရောင်းချပေးသွားမှာဖြစ်ပြီး ကဒ်စနစ်ဖြစ်လာရင်တော့ YBSယာဉ်လိုင်းအားလုံးမှာ ကောက်ခံတဲ့ နှုန်းထားတွေကို တပြေးညီဖြစ်အောင် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ ခရီးသည် ၁ဒသမ ၈သန်းလောက်ကို ကားအစီးရေ (၄၃၀၀)ကျော်နဲ့ပြေးဆွဲပြီး ဝန်ဆောင်မှုပေးလျှက်ရှိနေပါတယ်။