နယူးမက္ကဆီရှေ့နေချုပ် ဟက်တာ ဘယ်ဒါးရက်စ်ဟာ ကလေးငယ်များ အွန်လိုင်းအချက်အလက် ကာကွယ်ရေးအက် COPPA ဥပဒေနဲ့ Google ကို တရားစွဲဆိုမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။
တရားစွဲရတဲ့ အကြောင်းကိုတော့ Google ကနေ ကျောင်းသားတွေအတွက် အခမဲ့ ထုတ်ပေးထားတဲ့ Chromebook တွေကနေ ကိုယ်ရေးအချက်အလက်တွေ ရယူတာကြောင့်လို့ CNET သတင်းက ဆိုပါတယ်။ Google ဟာ နယူးမက္ကဆီကို ပြည်နယ်က ကျောင်းတွေအတွက် Chromebooks နဲ့ ပညာရေးသုံး app တွေအတွက် G Suite ဝန်ဆောင်မှု အခမဲ့ ပေးခဲ့တာပါ။
Photo: Engadget
G Suite ထဲမှာ Gmail ၊ Calendar နဲ့ Google Docs app များ ပါဝင်ပါတယ်။ တရားစွဲမှုမှာ Google ဟာ ကျောင်းသားတွေရဲ့ တည်နေရာ ၊ သူတို့သုံးတဲ့ စကားဝှက် ၊ ဝင်ခဲ့တဲ့ ဝက်ဘ်ဆိုက် ၊ Google နဲ့ Youtube ပေါ်က ရှာဖွေတဲ့ အချက်အလက်တွေ ၊ သူတို့ရဲ့ ဆက်သွယ်သူများ စာရင်းအပြင် အသံ recording များပါ စုဆောင်း ရယူခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်ဒါးရက်စ်ကတော့ Google ဟာ ကြော်ငြာမှာ သုံးဖို့ ရည်ရွယ်ချက်နဲ့၂၀၁၄ ခုနှစ်အထိ ကျောင်းသားတွေရဲ့ အီးမေးလ်အကောင့်တွေ ရယူခဲ့ပြီး အချက်အလက်များ ဆွဲထုတ်ခဲ့တယ်လို့ ပြောပါတယ်။
" ကျွန်တော်တို့ ကလေးငယ်တွေနဲ့ အထူးသဖြင့် ကျောင်းတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ဘယ်ကုမ္ပဏီမှာမဆို ကျောင်းသားတွေ လုံခြုံရေးက နံပါတ်တစ်ဦးစားပေး ဖြစ်သင့်ပါတယ်" လို့ ဘယ်ဒါရက်စ်က ဆိုပါတယ်။ "အုပ်ထိန်းသူ အသိမပေးဘဲ ကျောင်းသားတွေရဲ့ အချက်အလက်ကို နောက်ယောင်ခံတာဟာ ဥပဒေနဲ့ မညီရုံတင် မဟုတ်ဘဲ အန္တရာယ်လည်း ကြီးပါတယ်။ ကျွန်တော့်ရုံးဟာ နယူးမက္ကဆီကန် ကလေးငယ်များ လုံခြုံမှုကို ချိုးဖောက်တဲ့ ဘယ်ကုမ္ပဏီကိုမဆို တရားစွဲရပါလိမ့်မယ်"
Google ကတော့ ဒီစွဲဆိုချက်ဟာ အချက်အလက်အားဖြင့် မှားယွင်းကြောင်း ထုတ်ပြန်ထားပါတယ်။ "ပညာရေးအတွက် ထုတ်ထားတဲ့ G Suite ဟာ ကျောင်းတွေကို အကောင့်ရယူမှု ထိန်းချုပ်ခွင့်ပေးထားပါတယ်။ လိုအပ်ရင် အုပ်ထိန်းသူဆီက ဒီကျောင်းတွေက ခွင့်တောင်းရမှာပါ။ မူလတန်းနဲ့ အလယ်တန်းကျောင်းက သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ကြော်ငြာ ပစ်မှတ်ထားဖို့ ကျွန်တော်တို့ မသုံးပါဘူး"လို့ Google က Engadget ကို ပြောပါတယ်။
Photo: nasdaq
ဘယ်ဒါရက်စ်အနေနဲ့ Google ကို တရားစွဲတာ ဒီတစ်ကြိမ်ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဘယ်ဒါရက်စ်ဟာ ၂၀၁၈ ခုနှစ်ကလည်း ကလေးငယ်များ ကိုယ်ရေးကိုယ်တာလုံခြုံရေး ဥပဒေများ ချိုးဖောက်မှုနဲ့ Google နဲ့ တစ်ခြား ကုမ္ပဏီများကို တရားစွဲခဲ့ပါတယ်။ ဒီတစ်ကြိမ် တရားစွဲမှုကတော့ Chromebook သစ်နဲ့ဆက်စပ်ပြီး စွဲဆိုမှု အသစ် ဖြစ်ပါတယ်။
Google ဟာ ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ ပြည်နယ် ၅၀ က ရှေ့နေတွေရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရပြီး ဘယ်ဒါရက်စ်လည်း ဒီစုံစမ်းမှုမှာ ပါဝင်နေပါတယ်။