ပြန်လည်အသုံးပြုလို့ရတဲ့ Mask များကို တစ်ဦးလျှင် နှစ်ခုစီပေးသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခုရေ သန်း ၂၀ကျော် လုပ်ဆောင်ရမယ်လို့သိရပါတယ်။
၂၀၁၉ပညာသင်နှစ်ကျောင်းဖွင့်ရက် ဇွန်လ၃ရက်နေ့တုန်းက ကျောင််းတက်မြင်ကွင်း
အခြေခံပညာဦးစီးဌာနအနေနဲ့ ကျောင်းသား၊ကျောင်းသူတွေအပါအဝင် ဆရာ၊ဆရာမနဲ့ပညာရေးဝန်ထမ်းတွေကို တစ်ဦးလျှင် Mask ၂ခုစီ ပေးသွားနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အခြေခံပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးတင် မောင်ဝင်းက Duwun ကို ပြောပါတယ်။
လက်ရှိမှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ဖို့ အဆင့်ဆင့် လုပ်ဆောင်နေပြီး COVID-19 ကာလအတွင်း ကျောင်းတွေ မဖြစ်မနေပြန်ဖွင့်တဲ့အခါမှာ ပြန်လည်အသုံးပြုနိုင်တဲ့ Maskတွေကို ဝေပေးနိုင်ရေးလုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၉ပညာသင်နှစ်ကျောင်းဖွင့်ရက် ဇွန်လ၃ရက်နေ့တုန်းက ကျောင််းတက်မြင်ကွင်း
“ကျောင်းတွေအပ်နိုင်ရေးမဆောင်ရွက်ခင် ကျောင်းသားကျောင်းသူတွေအပါအဝင်၊ဆရာ၊ဆရာမတွေရော ပညာရေးဝန်ထမ်းတွေကိုပါ အလကားဝေနိုင်အောင်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့မှာ ကျောင်းသူ၊ကျောင်းသားနဲ့ဆရာ၊ဆရာမတွေစုစုပေါင်း ၁၀သန်းကျော်ရှိတယ်။ဒါကြောင့် Mask နှစ်ခုစီဝေမယ်ဆိုတော့ သန်း ၂၀ကျော် လောက်လုပ်ရမယ်။နောက်ပြီး Face Shield တွေလည်း ဝေပေးနိုင်အောင် လုပ်ဆောင်နေတယ်။”လို့ ဦးတင် မောင်ဝင်းကပြောပါတယ်။
အခြေခံပညာဦးစီးဌာနလက်အောက်မှာ ဘ.ကကျောင်းတွေအပါအဝင် ကျောင်းသား၊ကျောင်းသူပေါင်း ၉.၇ သန်းကျော်ရှိပြီး ဆရာ၊ဆရာမဦးရေကတော့ ၄သိန်းခွဲခန့်ရှိတယ်လို့လည်း သိရပါတယ်။
အခုလုပ်ဆောင်ချက်ကိုတော့ ကျောင်းပုံမှန်ဖွင့်နိုင်သည်ဖြစ်စေ၊ မဖွင့်နိုင်သည်ဖြစ်စေ ပြင်ဆင်ထားမယ်လို့သိရပါ တယ်။
ကျောင်းဖွင့်ချိန်နောက်ကျသည့်တိုင် သတ်မှတ်ကျောင်းပိတ်ရက်ကို နောက်မကျစေဘဲ ကျောင်းနောက်ဆုံးရက်ကို ၂၀၂၁ မတ်လ ၃၁ရက်နေ့ ပြီးဆုံးအောင် လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။