အိန္ဒိယမှာ တစ်နိုင်ငံလုံး အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားရာ ဆင်းရဲသားများ အလုပ်လက်မဲ့ဖြစ်ပြီး မြို့များမှ ထွက်ပြေးနေကြတဲ့ ကသောင်းကနင်း အခြေအတွေ ပေါ်ပေါက်နေခဲ့ပြီးနောက် အစိုးရက lockdown ကာလကို ထပ်မံ တိုးချဲ့ရန်မရှိကြောင်း ပြောကြားလိုက်ပါတယ်။
COVID-19 ဗိုင်းရပ်စ်ကူးစက်မှု နှေးကွေးစေရန် တစ်နိုင်ငံလုံးရှိ လူဦးရေ ၁.၃ ဘီလီယံကို အသွားအလာ လုံးဝ ပိတ်ပင်ကန့်သတ်ပြီး ၂၁ ရက်ကြာ lockdown လုပ်မှုကာလကို တိုးချဲ့သွားမှာမဟုတ်ကြောင်း အိန္ဒိယအစိုးရက ယနေ့ (မတ်လ ၃၀ ရက်) ပြောပါတယ်။
တစ်နိုင်ငံလုံးကို lockdown လုပ်ထားခဲ့ရာ မရှိမဖြစ် ကုန်ပစ္စည်းများစီးဆင်းမှု ထိန်းထားနိုင်ရန်နဲ့ မြို့တွေကနေ ထောင်ပေါင်းများစွာရှိတဲ့ အလုပ်လက်မဲ့ဖြစ်သွားသူများ ထွက်ပြေးနေကြမှုကို ဟန့်တားနိုင်ရန် ရုန်းကန်ခဲ့ရပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်နိုင်ရေး မျှော်လင့်ချက်ဖြင့် နိုင်ငံရဲ့လူဦးရေ ၁.၃ ဘီလီယံကို အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး ဧပြီ ၁၅ ရက်နေ့အထိ lockdown လုပ်ထားပါတယ်။
သို့သော် lockdown အမိန့်က သန်းနဲ့ချီတဲ့ အိန္ဒိယဆင်းရဲသားတွေအတွက် အလုပ်လက်မဲ့ဖြစ်မှုနဲ့ ငတ်ပြတ်မှုအခြေအနေ ကြုံနေခဲ့ရပါတယ်။ ထောင်ပေါင်းများစွာရှိတဲ့ နေ့စားအလုပ်သမားတွေက lockdown အမိန့်ကို ဖီဆန်ပြီး မိသားစုတွေနဲ့အတူ ဒေလီ၊ မွမ်ဘိုင်းကဲ့သို့ မြို့ကြီးများမှ နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့ နေအိမ်များရှိရာ နေရပ်အသီးသီးသို့ ခြေလျင်ခရီးဖြင့် ထွက်ခွာနေကြပါတယ်။
ထိုသို့ ကသောင်းကနင်း အခြေအနေတွေ ဖြစ်ပေါ်နေစဥ်အတွင်း lockdown ကာလကို နောက်ထပ် တိုးချဲ့သွားဖွယ်ရှိကြောင်း သတင်းများထွက်လာခဲ့ပါတယ်။ အိန္ဒိယအစိုးရဖွဲ့ အတွင်းရေးမှူး Rajiv Gauba က တစ်နိုင်ငံလုံးကို lockdown လုပ်ထားမှု သုံးပတ်ထက်ပိုပြီး တိုးချဲ့သွားရန် အစီအစဥ် မရှိကြောင်း Reuters သတင်းဌာနရဲ့ မိတ်ဖက်သတင်းဌာန ANI ကို ပြောပါတယ်။
အိန္ဒိယ အလုပ်သမားအင်အားစုရဲ့ အနည်းဆုံး ၉၀ ရာခိုင်နှုန်းဟာ လုံခြုံရေးအစောင့်များ၊ သန့်ရှင်းရေးသမားများ၊ လန်ချားဆွဲသူများ၊ လမ်းဘေးဈေးသည်များ၊ အမှိုက်ကောက်သူများနဲ့ အိမ်အကူများအဖြစ် လုပ်ကိုင်နေကြကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (International Labour Organization - ILO) က ပြောပါတယ်။
ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတ်မှတ်ကြေညာထားတဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုကလည်း တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေပြီး လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့ အိန္ဒိယအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁,၀၇၁ ဦး၊ သေဆုံးသူ ၂၉ ဦးနဲ့ ပြန်လည်သက်သာသူ ၁၀၀ ဦးရှိခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၅ ရက် နေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၂၄,၅၆၅ ဦး၊ ပြန်လည်သက်သာလာသူ ၁၅၂,၀၇၆ ဦးနဲ့ သေဆုံးသူ ၃၄,၀၁၇ ဦးရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတွေဟာ ပိုမိုပြင်းထန်တင်းကျပ်တဲ့ စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရန်လိုအပ်ကြောင်း WHO က ပြောထားပါတယ်။
Source: Reuters, BBC