သေဆုံးသူက နေအိမ်မှာ တစ်ဦးတည်းနေထိုင်သူတစ်ဦးဖြစ်ပြီး သေဆုံးနေတာ (၃) ရက်ခန့် ရှိပြီလို့ ရဲစစ်ချက်အရသိရပါတယ်။
ကျောက်တံတားမြို့နယ် ၊ ဗိုလ်အောင်ကျော်လမ်း (အထက်ဘလောက်) တိုက်ခန်းတစ်ခုအတွင်းမှာ ကျောက်တံတားမြို့နယ် (၉) ရပ်ကွက် ရာအိမ်မှူး ပုပ်ပွသေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ မြို့နယ်ရဲစခန်းကနေ သိရပါတယ်။
အဆိုပါ ရာအိမ်မှူးမှာ အသက် (၄၄) နှစ်ခန့်ရှိပြီး နေအိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်ကာ သေဆုံးနေတာ (၃) ရက်ခန့် ရှိပြီလို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ပိုထွန်းက Duwun ကိုပြောပါတယ်။
“ သေဆုံးသူက လူပျိုကြီးပါ။ အပြင်ကိုမထွက်တာကြာတော့ ဘေးပတ်ဝန်းကျင်က အကြောင်းကြားချက်အရ သွားရောက်စုံစမ်းရာမှာ သေဆုံးနေတာကို တွေ့ရတာပါ” လို့ ဒုရဲမှူးပိုထွန်းက ဆိုပါတယ်။
သေဆုံးသူမှာ သွေးတိုး၊ နှလုံးရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး ပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးခဲ့ကြောင်း၊ လက်ရှိတော့ အလောင်းကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးစစ်ချက်ရယူထားတယ်လို့လည်း သိရပါတယ်။
လက်ရှိတော့ ကျောက်တံတားမြို့နယ်ရဲစခန်းကနေ သေမှု သေခင်း အမှတ်စဉ် (၁) နဲ့ အမှုစစ်ဆေးနေတယ်လို့ သိရပါတယ်။