ရွေးကောက်ပွဲကော်မရှင်ဟာ NLD ပါတီအပေါ်အခွင့်အရေးပိုပေးနေပြီး နိုင်ငံရေးပါတီတွေ အနေနဲ့ တန်းတူအခွင့်အရေးမရဘူးလို့ ဒီကနေ့မှာ နိုင်ငံရေးပါတီပေါင်း ၃၀ ကျော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ သြဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းမှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ဦးဆောင်ကာ နိုင်ငံရေးပါတီပေါင်း ၃၄ ခုနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးရာ ပါတီတွေဘက်က အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။
"ပြောတာကတစ်ယောက်တစ်ပေါက်ပြောပေမယ့် အနှစ်ချုပ်လိုက်ရင် အတူတူပဲ။ ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေပေါ်မှာဆက်ဆံတာဟာ ဘက်လိုက်နေတယ်။ ပါတီတွေဟာ တန်းတူအခွင့်အရေးမရဘူး။ NLD ပါတီကိုတော့ အခွင့်အရေးတွေ ပိုပေးနေတယ်။ ဒါကိုလည်း UEC ကိုဘာမှပြောလို့မရဘူး။ ပြောမရတဲ့အတွက်ကြောင့် ပါတီတွေအနေနဲ့တော်တော်ကြီးကိုစိတ်ပျက်နေပြီ။ ဒါကြောင့် တပ်မတော်ဦးစီးချုပ်နဲ့တွေ့တဲ့အခါ အဲ့လိုဖြစ်နေပြီဆိုပြီး တင်ပြခဲ့တာပါ။ ”လို့ ဒီကနေ့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက Duwun ကို ပြောပါတယ်။
ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
ဒီကနေ့ တွေ့ဆုံပွဲမှာတော့ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တင်မြှောက်ရာမှာသိရှိသင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီတွေက ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေနဲ့တာဝန်ရှိသူတွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင်ကတော့ ဒီကနေ့ နိုင်ငံရေးပါတီတွေ တင်ပြခဲ့တာတွေနဲ့ပတ်သက်လို့ စိစစ်သုံးသပ်ပြီး နောက်တကြိမ် ပြန်တွေ့ခွင့်ရပါက ပြန်လည် တွေ့ဆုံဖို့၊ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲကိုအကောင်းဆုံးအနေအထားနဲ့ ညီညီညွတ်ညွတ် ဝင်ရောက်ယှဉ်ပြိုင်ဖို့၊ တပ်မတော်အနေနဲ့လည်း ကူညီနိုင်တာမှန်သမျှကို ပူးပေါင်းကူညီဖို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ် ။
တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီတွေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်ဖြစ်ပါတယ်။
နောက်ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ၊ " ၀ "အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးပိုက်ထွေး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းဦး၊ လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း(ခ)ဦးမျိုးမင်းထွန်း၊ မြန်မာပြည်သူ့ဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ် ကျော်မြင့် တို့လည်း တွေ့ဆုံပွဲမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။
ဒီတွေ့ဆုံပွဲကို ဘုရင့်နောင်၊ ဧည့်ရိပ်သာခန်းမမှာကျင်းပခဲ့တာဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါတယ်။
Share