စာသင်ချိန်များ လွတ်သွာခြင်းက ကလေးတွေအတွက် ရေရှည်မှာ ထိခိုက်နစ်နာစေတယ်လို့ ပြောခဲ့ပါတယ်။

ကလေးများ ကျောင်းပြန်မတက်ခြင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခြင်းထက် ပိုမိုထိခိုက်နစ်နာဖွယ်ရှိကြောင်း ဗြိတိန်အစိုးရဲ့ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ်က အင်တာဗျူးအစီအစဥ်မှာ ပြောကြားလိုက်ပါတယ်။

(ပါမောက္ခခရစ်ဝှစ်တီ) (Photo: BBC)

ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး COVID-19 ရောဂါကြောင့် သေဆုံးမှုဟာ အလွန်ထူးခြားစွာဖြင့် နည်းပါးကြောင်း၊ သို့သော် စာသင်ချိန်များ လွတ်သွားခြင်းက ကလေးတွေအတွက် ရေရှည်မှာ ထိခိုက်နစ်နာစေတယ်လို့ ပါမောက္ခခရစ်ဝှစ်တီက ပြောခဲ့ပါတယ်။ COVID-19 ဟာ အနည်းဆုံး ကိုးလကြာအထိ စိန်ခေါ်မှုတစ်ခု ဖြစ်နေလိမ့်မယ်လို့လည်း ပါမောက္ခခရစ်က ဆိုပါတယ်။



၂၀၂၀ ခုနှစ်အတွင်း ကာကွယ်ဆေးတစ်မျိုး ထွက်ပေါ်လာနိုင်ဖွယ်မရှိကြောင်း၊ သို့သော် ၂၀၂၁-၂၂ ဆောင်းရာသီမှာတော့ ကာကွယ်ဆေးရရှိရန် ကျိုးကြောင်းဆီလျော်တဲ့ အခွင့်အလမ်းတစ်ရပ်ရှိထားကြောင်း ၎င်းက ပြောပါတယ်။ အင်္ဂလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်ရှိ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားများ လာမယ့် သီတင်းပတ်များအတွင်း ကျောင်းပြန်တက်နိုင်ရန် စီစဥ်ထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: BBC)

အင်္ဂလန်မှာ ကျောင်းသူကျောင်းသား အသက်အရွယ်အုပ်စု အားလုံးဟာ လာမယ့် စက်တင်ဘာလအတွင်း စာသင်ချိန်အပြည့်နဲ့ ကျောင်းပြန်တက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အစိုးရက ပြောခဲ့ပါတယ်။ စကော့တလန်မှာတော့ စာသင်ကျောင်းများ ပြန်ဖွင့်ထားပြီ ဖြစ်ပါတယ်။ ကလေးအများအပြားဟာ ကျောင်းတက်ခြင်းထက် ကျောင်းမတက်ခြင်းကြောင့် ပိုမို ထိခိုက်နစ်နာကြဖွယ်ရှိကြောင်း ပါမောက္ခခရစ်က ဆိုပါတယ်။

"အများအားဖြင့် ကလေးတွေမှာ COVID-19 အပြင်းအထန်ဖြစ်တာနဲ့ ဆေးရုံတက်ရတာ သိပ်ကိုနည်းတယ်ဆိုတာ ဗြိတိန်နဲ့ ကမ္ဘာတစ်ဝန်းကနေ အလွန်ရှင်းလင်းတဲ့ အထောက်အထားတွေလည်း ရှိပါတယ်" လို့ ၎င်းက ဖြည့်စွက် ပြောခဲ့ပါတယ်။

(Photo: Reuters)

COVID-19 ကူးစက်မှုအန္တရာယ်ကင်းတဲ့ ရွေးချယ်စရာများ မရှိကြောင်း၊ မိဘတွေနဲ့ ဆရာ ဆရာမတွေက ကျောင်းတွေပြန်ဖွင့်ခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးကျေးဇူး နှစ်ခုစလုံးကို နားလည်သဘောပေါက်ရန် အရေးကြီးကြောင်း ဗြိတိန်နိုင်ငံတွေရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲနဲ့ လက်ထောက်အကြီးအကဲတွေက ပြောကြားခဲ့ကြပြီနောက် ပါမောက္ခခရစ်ရဲ့ အင်တာဗျူးဖြေကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က