In partnership with  logo
လုပ်ငန်းခွင်ဝင်တဲ့အခါမျိုးမှာ အထက်လူကြီး ဆိုးဆိုးတွေ ကြုံတွေ့လာရနိုင်သလို အထက်လူကြီးကောင်းတွေနဲ့လည်း ဆုံတွေ့လာရနိုင်ပါတယ်။

လူတိုင်းက တစ်ချိန်ချိန်တော့ မလွဲမသွေ လုပ်ငန်းခွင်ကို ဝင်ကြရမှာပါပဲ။ လုပ်ငန်းခွင် ဝင်ရောက်လာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ ကျင်လည်ရာ လုပ်ငန်းခွင်ဟာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်လား၊ ဆိုးဝါးတဲ့ လုပ်ငန်းခွင်လားဆိုတာကို ဝေခွဲတတ်ပါမှ ကိုယ့်ရဲ့ တစ်ကိုယ်ရည်စာ ဘဝဟာလည်း အဆင်ပြေချောမွေ့လာမှာ ဖြစ်ပါတယ်။ ဆိုးဝါးတဲ့ လုပ်ငန်းခွင်မှာ ကျင်လည်နေရတယ်ဆိုရင်လည်း ကိုယ့်ရဲ့ အချိန်တွေကို အများဆုံး ကုန်ဆုံးရာဖြစ်တဲ့နေရာဟာ လုပ်ငန်းခွင်ဖြစ်နေတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘဝဟာ ကျေနပ်စရာကောင်းတဲ့ အခြေအနေမှာ မရှိနိုင်တော့ပါဘူး။ အထူးသဖြင့် ဆိုးဝါးတဲ့ အထက်လူကြီးရဲ့ လက်အောက်မှာ အလုပ်လုပ်နေရတဲ့သူဖြစ်နေရင် သာပြီးတောင် ဆိုးဝါးပြီး စိတ်မသက်မသာဖြစ်ရတဲ့ ဒဏ်ကို ခံစားရနိုင်ပါတယ်။ ဒီလိုပါပဲ။ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ထဲမှာ ကျင်လည်နေရသူအတွက်ကတော့ လုပ်ငန်းခွင်မှာ ပျော်ရွှင်နေပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ခံစားရစေပါတယ်။

-တာဝန်ပိုင်းဆိုင်ရာ

အထက်လူကြီးကောင်း

အထက်လူကြီးကောင်းက တာဝန်တွေ ဝေမျှတဲ့အခါမှာ ဒီတာဝန်အားလုံးသည် သူ့တာဝန်လို့ ခေါင်းထဲထည့်ထားတတ်ပါတယ်၊ အောက်လက်ငယ်သားတွေကို တာဝန်ပေးတဲ့အခါမျိုးမှာလည်း ဘယ်သူကတော့ဖြင့် ဘယ်တာဝန်ကို ဘယ်လိုထမ်းဆောင်သင့်တယ်ဆိုတဲ့အကြောင်းကို အောက်လက်ငယ်သား နားလည်လွယ်အောင် သေချာစနစ်တကျ လမ်းညွှန်ပေးပြီး အောက်လက်ငယ်သားတွေရဲ့ တာဝန်ထမ်းဆောင်မှုအပေါ် စောင့်ကြည့်ရင်း တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတဲ့ အထက်လူကြီးပဲ ဖြစ်ပါတယ်။

အထက်လူကြီးဆိုး

အထက်လူကြီးဆိုးကတော့ ကိုယ့်ဆီရောက်လာတဲ့ တာဝန်တွေကို အောက်လက်ငယ်သားတွေဆီ အကုန်ပြန်ခိုင်းလိုက်ပြီး ဘာ စီမံကွပ်ကဲမှုမှ မလုပ်ဘဲ ဖြစ်ချင်ရာဖြစ် ဆိုပြီး ပစ်ထားတတ်တဲ့သူမျိုးဖြစ်ပါတယ်။ အထက်လူကြီးဆိုတာ အောက်လက်ငယ်သားကို ခိုင်းဖို့ပဲ ဆိုတာမျိုးကိုသာ စိတ်မှာမှတ်ပြီး ဘာသွန်သင်ညွှန်ပြမှုမှ မရှိဘဲ တာဝန်တွေ အကုန်ပုံပေးလိုက်တာမျိုး လုပ်တတ်ကြတာ အထက်လူကြီးဆိုးပါ။အောက်လက်ငယ်သားတွေကြောင့် အဆင်ပြေပြေ ပြီးဆုံးသွားတဲ့ တာဝန်မျိုးကိုတော့ သူတော်လို့ ဖြစ်လာတဲ့ ရလဒ်တွေအဖြစ် ဂုဏ်ယူတတ်ပြန်ပါသေးတယ်။

-ပြစ်တင်ပြောဆိုမှု

အထက်လူကြီးကောင်း

အထက်လူကြီးကောင်းတွေက အောက်လက်ငယ်သားအမှားလုပ်လို့ တစ်ခုခုလွဲချော်သွားတဲ့အခါမှာ အောက်လက်ငယ်သားရဲ့ မှားယွင်းမှုကို မြင်သာအောင် ထောက်ပြပြောဆိုရင်း နောက်တစ်ကြိမ် ဒီလို ပြစ်ချက်မျိုးမဖြစ်ပွားရလေအောင် ပြောဆိုပြုပြင်ပေးတာမျိုးတွေ လုပ်ပေးတတ်ပါတယ်။ အပြစ်တင်ပြောဆိုတာမျိုးလည်း ရှိသည့်တိုင်အောင် ဒီမှားယွင်းမှုဟာ သူ့တာဝန်လည်းဖြစ်တဲ့အကြောင်း ကိုယ်တိုင်နားလည်သဘောပေါက်ပြီး နောက်ထပ် အမှားမျိူးထပ်မကြုံရလေအောင် ဂရုတစိုက် တာဝန်ယူပေးတတ်တာ အထက်လူကြီး‌ကောင်းတွေပါ။

အထက်လူကြီးဆိုး

အထက်လူကြီးဆိုးကတော့ အလုပ်တစ်ခု မှားယွင်းသွားပြီဆိုရင် ဒါဟာ သူ့အပြစ်ကြောင့် မဟုတ်ပါဘဲ အောက်လက်ငယ်သားတစ်ဦးတစ်ယောက်ကြောင့် ဖြစ်ရတယ်ဆိုပြီး အောက်လက်ငယ်သားကိုသာ ပြစ်တင်လွှဲချတတ်ပါတယ်။ ဖြစ်လာတဲ့ မှားယွင်းမှုအတွက် အောက်လက်ငယ်သားကိုသာ တာဝန်ယူစေပြီး ဒီအမှားဟာ ဘာ့ကြောင့် မှားရတယ်ဆိုတာကိုတော့ ထောက်ပြပေးတာမျိုး၊ နောက်တစ်ကြိမ်မဖြစ်ရအောင် ပြောဆိုပေးတာမျိုး လုံးဝမလုပ်ပေးတတ်ကြပါ။

HR ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မအေးသန္တာအောင်ကလည်း အထက်လူကြီးကောင်းတွေရဲ့ စရိုက်လက္ခဏာတွေကို Duwun ကို ခုလိုပြောပြပါတယ်။ 

"အထက်လူကြီးကောင်း က တာဝန်ယူမှု ရှိတယ်။ ဝန်ထမ်းတွေကို လေးလေးစားစား ဆက်ဆံတယ်။ အဆိုးအကောင်းတွေကိုတွေးခေါ် နိုင်စွမ်းရှိတယ်၊ လက်အောက်ငယ်သားတွေကို လက်တွဲခေါ်ပေးတယ်။ အခုထိ တွေ့ခဲ့ရတဲ့ လူကြီးတွေကတော့ ကောင်းတယ်။ ပညာ တွေရတယ်။ တာဝန်ခံမှု တာဝန်ယူမှုရှိတယ်။ ဝန်ထမ်းတွေကို ချစ်တယ်၊ လက်အောက်ငယ်သားတွေကို လေးလေးစားစား ဆက်ဆံတယ် ဆိုတော့ လုပ်ငန်းခွင်မှာ ပျော်လာတယ်။ Monday တွေကို မမုန်းတော့ဘူး။ ကိုယ်တွေ အကြံပေးချက်ကိုလည်း လက်ခံတော့ အလုပ်တွက် ပို ကြိုးစားပေးချင်လာတယ်။"

တေးမှတ်ထားခြင်း၊ ဖိနှိပ်ခြင်း

အထက်လူကြီးကောင်း

အထက်လူကြီးကောင်းတွေဆီမှာ ကိုယ့်ရဲ့ အောက်လက်ငယ်သားတွေကို တစ်စုံတစ်ခုအကြောင်းကြောင့် ၊ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကြောင့် တေးမှတ်ထားတယ်၊ ကိုယ့်ဂွင်ထဲရောက်ရင် ဖိနှိပ်ပစ်လိုက်မယ်ဆိုတာတွေ မရှိပါဘူး။ အထက်လူကြီးကောင်းဆိုတာ ဘာပဲဖြစ်နေနေ ကိုယ့်လက်အောက်ငယ်သားတွေ ကောင်းမွန်တဲ့ လမ်းကြောင်းကို လျှောက်နိုင်ဖို့ ၊ ကောင်းမွန်တဲ့ ရလဒ်တွေရအောင် စွမ်းဆောင်နိုင်ဖို့ ကူညီပေးကြသူတွေ ဖြစ်ပါတယ်။

အထက်လူကြီးဆိုး

အထက်လူကြီးဆိုးဆိုးတွေကတော့ ကိုယ့်ရဲ့ လက်အောက်ငယ်သားကို တေးမှတ်ထားတတ်ကြပါတယ်။ ကိုယ်တေးမှတ်ထားတဲ့ အောက်လက်ငယ်သားက ကိုယ်ဖိနှိပ်ပြောဆိုလို့ ရလာမယ့် အခြေအနေတွေနဲ့ ကြုံလာတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့ အောက်လက်ငယ်သားကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ၊ အလုပ်ထွက်ချင်တဲ့ထိ စိတ်ထိခိုက်အောင် ဖိနှိပ်ပြောဆိုတတ်ကြတာ အထက်လူကြီး ဆိုးဆိုးတွေရဲ့ လုပ်ရပ်ပါပဲ။

အစီအစဥ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ မရွှေစင်ထွန်းကတော့ အထက်လူကြီးတစ်ယောက်ရဲ့ လွဲမှားနေတတ်တဲ့ အမူအကျင့်တွေ အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

"ကောင်း တဲ့အထက်လူကြီး သူ ဝန်ထမ်းတွေကို ပြောတဲ့အတိုင်း ကတိတည်တယ်။ဝန်ထမ်းတွေအပေါ် ကိုယ်ချင်း စာတယ်။ဆက်ဆံရေး ပြေပြစ်တယ်။ မကောင်း တဲ့ အထက်လူကြီးကတော့ ပါဆယ်နယ်နဲ့ ပရော်ဖက်ရှင်နယ် မကွဲ တာတွေကို တွေ့ ရတယ်။ တစ်ယောက်ကို ခိုင်း ကြည့်လို့ အဲ့ဒီ တစ်ယောက်နဲ့ အဆင်ပြေရင် နောက်လူတွေကို အခွင့်အရေးမပေးတော့ဘူး။ အဖွဲ့ အစည်း နဲ့ အလုပ်လုပ်နေပေမယ့် အဖွဲ့ကို ဆွဲ ခေါ်မသွား နိုင်ဘဲ တစ်ယောက်ဘဲ သွားနေတာမျိုးတွေ တွေ့ရတယ်။"

အလုပ်အကိုင်အခွင့်အလမ်းတွေ

အထက်လူကြီးကောင်း

အထက်လူကြီးကောင်းဟာ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေကို ချီးမြှောက်မြှင့်တင်ပေးဖို့ အမြဲ စိတ်ဆန္ဒရှိကြပါတယ်။ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ လစာကောင်းအောင် ၊ တော်တဲ့ ကောင်းတဲ့ လက်အောက်ငယ်သားတွေအတွက် ပိုပြီး ရသင့်ရထိုက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရအောင် လက်တွဲခေါ် လုပ်ဆောင်ပေးတတ်ပြီး ကိုယ့်ရဲ့ အဖွဲ့အစည်း ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေအတွက် အမြဲစဥ်းစားပေးတတ်သူဖြစ်ပါတယ်။

အထက်လူကြီးဆိုး

အထက်လူကြီးဆိုးကတော့ အချိန်ပြည့် ကိုယ့်ရဲ့ နေရာကို သူများလုသွားမလားဆိုပြီး စိုးရိမ်ပူပန်နေတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ အောက်လက်ငယ်သားတွေကို နေရာပေးရမယ့်နေနေသာသာ အောက်လက်ငယ်သားတွေက ကိုယ့်နေရာကိုများ လုယူသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ရသမျှ ကိုယ့်အာဏာနဲ့ အောက်လက်ငယ်သားတွေကို ဖိနှိပ်ထားတတ်သူပါ။ လက်အောက်ငယ်သားတွေရဲ့ ရသင့်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း မရအောင် ကာဆီးပိတ်ပင်ထားတတ်ပါသေးတယ်။

ရလဒ်တွေ

အထက်လူကြီးကောင်းကောင်းနဲ့ တွေ့ဆုံရတဲ့ ဝန်ထမ်းတွေနဲ့ အထက်လူကြီးဆိုးနဲ့ တွေ့ဆုံရတဲ့ ဝန်ထမ်းတွေဟာ အများကြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကွာခြားရုံသာမက လုပ်ငန်းခွင်ပိုင်းဆိုင်ရာမှာလည်း အကျိုးရလဒ်ကောင်းတွေ ၊ ထိခိုက်နစ်နာမှုတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်။

Marketing executive တစ်ယောက်ဖြစ်တဲ့ မကေဂျာနူးကတော့ အထက်လူကြီးကောင်းနဲ့ အထက်လူကြီးဆိုးရဲ့ ကွာခြားချက်တွေကို Duwun ကို ခုလိုပြောပြပါတယ်။

"ကောင်းတဲ့ လူကြီး လက်အောက်မှာ အလုပ်လုပ်ရင် လုပ်ငန်းခွင် မှာ ပျော်ရွှင်ရတယ်၊ တိုးတက်တယ်၊ အခွင့်အလမ်းကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေ၊ အကူအညီ တွေ ရနိုင်တယ်။ လူကြီးအတွက်လည်း ဝန်ထမ်းမြဲတယ်။ ဝန်ထမ်းကောင်းကိုလက်တွဲ နိုင်တယ် ပေါ့။ ဆိုးတဲ့ လူလက်အောက်ကျ အခြေအနေတစ်ခုကြောင့် ဝန်ထမ်းတွေ စိတ်ဖိစီးတယ်၊ တိုးတက်ရာ တိုးတက်ကြောင်း အကြံ ပြန်မရ နိုင်ဘူး။ ဝန်ထမ်းကောင်းလည်း မမြဲဘူး။" 

အထက်လူကြီးကောင်းနဲ့ ကြုံရတဲ့ လုပ်ငန်းခွင်

-ဝန်ထမ်းတိုင်းဟာ ကြိုးစားလိုစိတ်အပြည့်ရှိကြတယ်

-ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်ဖြစ်နေတယ်

-အလုပ်နဲ့ ပတ်သက်တဲ့ ရလဒ်ကောင်းတွေ အများကြီးရတယ်

-ဝန်ထမ်းချင်း ကူညီရိုင်းပင်းတတ်ကြတယ်

အထက်လူကြီးဆိုးနဲ့ ကြုံရတဲ့ လုပ်ငန်းခွင်

-ဝန်ထမ်းတိုင်းဟာ အလုပ်တတ်ရဖို့ကို စိတ်မပါကြဘူး

-စိတ်ညစ်စရာကောင်းတဲ့ လုပ်ငန်းခွင်ဖြစ်နေတယ်

-အလုပ်နဲ့ပတ်သက်ပြီး အမှားတွေကို အချင်းချင်းလွှဲချရင်း လုပ်ငန်းတွေထိခိုက်ရတယ်

-ဝန်ထမ်းအချင်းချင်း ရန်စောင်နေတတ်ကြတယ်

အထက်လူကြီးကောင်းတစ်ယောက်မှာ ရှိတဲ့ အမူအကျင့်တွေကိုတော့ PR ပိုင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ မဆုက Duwun ကို ခုလိုပြောပြလာပါတယ်။

"လူကြီးကောင်းနဲ့ လူကြီးဆိုးဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်ချင်းတော့ မတူဘူးပေါ့နော်။ အစ်မလက်ခံထားတာကတော့ လူကြီးကောင်းဖြစ်ဖို့အတွက် သူက တပည့်ကောင်းတစ်ယောက်တော့ အရင်ဖြစ်ခဲ့ရမယ်။ သူလုပ်တဲ့ အလုပ်တွေ အကုန်လုံးအတွက် သူ့မှာ Procedure ရှိရမယ်၊ responsibility အပြည့်ယူရမယ်။ ပြီးတော့ အောက်လက်ငယ်သားကို ခိုင်းတဲ့အခါမှာလည်း သူ့ရဲ့ Fully Responsibility ခိုင်းရမယ်။ အဲဒီအတွက်လည်း appreciate လုပ်ပေးရမယ်။ အသိအမှတ်ပြုပေးရမယ်။ ဒီထက်ပိုပြီး သိသင့်တဲ့သူဆီရောက်အောင် ပို့ပေးရမယ်။ နောက်ပြီးတော့ အလုပ်တာဝန် Task တေွ ခွဲဝေတဲ့အခါမှာလည်း Management ကောင်းကောင်း လုပ်တတ်ရမယ်။ အစ်မကတော့ အမြဲတမ်း အရမ်းအလုပ်လုပ်တဲ့သူတွေနဲ့ပဲ တွေ့ဖူးတယ်။ ဂျပန်ကုမ္ပဏီဆိုလည်း ဂျပန်ကုမ္ပဏီမို့၊ ဘယ်မှာဖြစ်ဖြစ် အရမ်းအလုပ်လုပ်တဲ့သူတွေနဲ့ တွေ့တယ်။ ကိုယ့်စီနီယာက အရမ်းအလုပ်လုပ်တဲ့အခါကျတော့ အောက်က ကိုယ်ကလည်း သူတောင်ဒီလောက်လုပ်နေတာ ငါလည်း လုပ်ရမယ်ဆိုတဲ့ စိတ်တွေ ဖြစ်တယ်။ ပြီးတော့ လက်အောက်ငယ်သားမေးတဲ့ အလုပ်ရဲ့ လိုအပ်ချက်တွေ အကုန်လုံး၊ အောက်ကလူရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်တွေ အကုန်လုံးကို သူက Overall အကုန်သိပြီးသား၊ အဲဒီလို လူမျိုးတွေက လက်တွေ့လုပ်ငန်းခွင်မှာလည်း သူတို့ အုပ်ချုပ်တဲ့နေရာမှာ ပိုနိုင်နင်းတာပေါ့။ Task တွေ အကုန်လုံးကို သူက သဘောပေါက်နေတယ်။ သူ့လက်အောက်ငယ်သားလုပ်ရတဲ့ အလုပ်တွေအကုန် သူသဘောပေါက်နေတဲ့ အခါကျတော့ လက်အောက်ငယ်သား မှားနေတာတွေ၊ လစ်ဟာနေတာတွေကို သူက ထောက်ပြပေးလို့ရတယ်။ Hard Working ဖြစ်တဲ့သူတွေကျတော့ သူတို့ရဲ့ လက်အောက်ငယ်သားကို အလုပ်လုပ်ချင်စိတ်ဖြစ်အောင်လို့ Motivate ဖြစ်စေတယ်။ emotional intelligence လည်း ပြည့်စုံတဲ့ သူမျိုးပေါ့။"  

ကဲ.....ဒီလိုဆိုရင်တော့ အထက်လူကြီးကောင်းအုပ်ချုပ်တဲ့ လုပ်ငန်းခွင်နဲ့ အထက်လူကြီးဆိုး ရှိတဲ့ လုပ်ငန်းခွင်ရဲ့ ကွာခြားချက်တွေကို သိသွားပြီဖြစ်လို့ ကိုယ်ကသာ အထက်လူကြီးတစ်ယောက်ဖြစ်နေမယ်ဆိုရင်လည်း ကောင်းမွန်တဲ့ အထက်လူကြီးကောင်းတစ်ယောက် ဖြစ်ဖို့ နေထိုင်ကျင့်ကြံသင့်သလို ကိုယ်ကသာ အောက်လက်ငယ်သားဝန်ထမ်းဖြစ်နေမယ်ဆိုရင်လည်း အထက်လူကြီးကောင်း လက်အောက်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အခြေအနေမျိုးရောက်အောင် ကြိုးစားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လုပ်ငန်းခွင်အတွက်သာမက ကိုယ့်ဘဝအတွက်ပါ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါပဲ။

Share

Loading Next Article...
က္က