ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အင်္ဂလန်နဲ့ မြောက်မက်ဆီဒိုးနီးယားတို့ရဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ဟယ်ရီကိန်းရဲ့ သွင်းဂိုးအတွက် စိတ်လှုပ်ရှားနေကြပါတယ်။ ဒီပွဲမှာ အင်္ဂလန်က ၇-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဆာကာက အင်္ဂလန်အတွက် ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဟယ်ရီကိန်း သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကလည်း ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်နေတာပါ။ ပွဲကစားချိန် (၂၉) မိနစ်မှာ ရရှိခဲ့တဲ့ အဆိုပါ သွင်းဂိုးအတွက် ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့ နှစ်ယောက်က ပေါင်းစပ် ဖန်တီးပေးခဲ့ကြတာပါ။
ရပ်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့ဟာ ယူနိုက်တက် အသင်းဖော်တွေဖြစ်တာကြောင့်လည်း ဒီလိုဂိုးမျိုးကို ဖန်တီးတဲ့နေရာမှာ နားလည်မှုရှိရှိနဲ့ လှုပ်ရှားနိုင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဟယ်ရီကိန်းက အင်္ဂလန်အတွက် အဖွင့်ဂိုးကို အမှားအယွင်းမရှိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေက “ရပ်ရှ်ဖို့ဒ်၊ လုခ်ရှော၊ ကိန်းတို့ရဲ့ လျင်မြန်တဲ့ ချိတ်ဆက်မှုကို အိုးထရက်ဖို့ဒ်မှာ မြင်တွေ့ခဲ့ရတယ်။ ယူနိုက်တက်ဂျာစီပဲ လိုတော့တာ”
“ရပ်ရှ်ဖို့ဒ်၊ လုခ်ရှော၊ ကိန်းတို့နဲ့အတူ ဒါမျိုး နောက်တစ်ခါ ဖန်တီးရအောင်။ ဒါပေမယ့် ဒီတစ်ခါ ယူနိုက်တက်ဂျာစီနဲ့ပေါ့” “ဟယ်ရီကိန်း အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းနိုင်အောင် ရပ်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့က ပူးပေါင်း ဖန်တီးပေးခဲ့ကြပါတယ်။ ဒါက အချက်ပေး ခေါင်းလောင်းသံပဲ” လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်တို့ လက်ရှိနွေရာသီမှာ စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။
တစ်ဖက်မှာလည်း ဒီကစားသမားအတွက် ယူနိုက်တက်တို့ စပါး တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရင်တောင် စပါးဥက္ကဌ လီဗိုင်းက အဓိက,ကစားသမားကို ပြည်တွင်းပြိုင်ဘက်ထံ ရောင်းချလိုခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် မနေ့ညက အိုးထရက်ဖို့ဒ်မှာ မြင်တွေ့ခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်၊ လုခ်ရှော၊ ဟယ်ရီကိန်းတို့ရဲ့ သုံးယောက်ပေါင်း သွင်းဂိုးကတော့ ယူနိုက်တက်ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့တာ အမှန်ပါပဲ။